Unicode
"သတိရပြီလား"
မသဲမကွဲကြားလိုက်ရတဲ့ စကားသံကြောင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း မျက်လုံးကိုတော့ ခနပြန်မှိတ်ထားလိုက်သည်။ *ဘာဖြစ်သွားတာပါလိမ့်* ဟု တွေးရင်း နောက်တစ်ကြိမ် မျက်လုံးပြန်ဖွင့်ကြည့်တော့ အစိမ်းနုရောင် မျက်နှာကြတ်ကို အရင်တွေ့ရသည်။ ဗညားထွဋ်ခေါင် ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်မှ ကုတင်ပေါ်လှဲနေတာမှန်း သိလိုက်သည်။ ကုတင်ဘေးမှာက ဆရာ၀န်ဖြစ်ဟန်တူသော ခပ်ရွယ်ရွယ်လူတစ်ဦးနှင့် သူနဲ့ မတိမ်းမယိမ်းအရွယ် လူငယ်တစ်ဦး ရပ်နေ၏။
မျက်မှောင်ကြုံ့ထားတဲ့ မျက်လုံးတွေနဲ့ သူ့ကို စူးစမ်းသလို လှမ်းကြည့်နေသော ထိုလူငယ်ကိုကြည့်ရင်း ဗညားထွဋ်ခေါင် မှတ်မိသွားသည်။ စောစောက အိမ်ယာ၀န်းထဲမှာ လမ်းဖယ်ပေးပါလား ဘာညာနဲ့ လာပြောတဲ့ကောင်ပဲ။ သူ့ကို စရိုက်ဆန်တယ်လာပြောလို့ ဆွဲထိုးပစ်လိုက်တာ မဟုတ်လား။ တွေးရင်းနဲ့မှ မျက်နှာမှာ ရှိန်းခနဲ ဖြစ်သွားရ၏။ *ဒီကောင် ငါ့ကို ပြန်ထိုးလိုက်လို့ ငါက သတိလစ်သွားတာပေါ့* ဟုတွေးရင်း လှဲနေရာကနေ မျက်နှာကို တစ်ဖက်လွှဲလိုက်သည်။
"အဆင်ပြေရဲ့လား"
ဆရာ၀န်လှမ်းမေးတာကိုလည်း ပြန်မဖြေမိဘဲ *ရှက်ဖို့ကောင်းလိုက်တာ* လို့သာ တွေးနေမိသည်။ တစ်ယောက်တစ်ချက် ထိုးကြတာချင်း အတူတူကို သူက သတိမေ့ပြီး ဆေးခန်းရောက်လာရသတဲ့။
"အတိတ်တွေဘာတွေ မေ့သွားတာတော့ မဟုတ်ပါဘူးနော် ဆရာ"
ထိုလူငယ်ဆီက ဆရာ၀န်ကို မေးသံကြားတော့ ဒေါသဖြစ်သွားပေမယ့် ဘာမှတော့ ပြန်မပြောမိလိုက်ပါ။ ဆရာ၀န်က ထိုလူငယ်စကားကြောင့် တချက်ရယ်ရင်း ပြန်ဖြေသည်။
"မဟုတ်ပါဘူး၊ လူနာက စောစောက သတိမေ့သွားတဲ့အရှိန်နဲ့ ခေါင်းမကြည်သေးတာမျိုးပါ၊ ပြီးတော့ သွေးပေါင်လည်း ကျနေသေးတယ်၊ တခြားတော့ စိုးရိမ်စရာ မရှိပါဘူး"
လူနာ ဆိုတဲ့ အသုံးအနှုန်းကြောင့် စိတ်ထဲ မကျေမနပ်ဖြစ်သွားရင်း ထထိုင်ဖို့ ပြင်လိုက်သည်။
YOU ARE READING
Magic Hides My Man
Romanceကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။