ကျယ်လောင်နေတဲ့ သီချင်းသံကြားကနေ တစ်အုပ်စုလုံးဆီက တစ်ယောက်တစ်ပေါက် ဟာသတွေကို ကြိုးစားနားထောင်ပြီး သဘောတကျ လိုက်ရီမိတယ်။ ဖန်ခွက်ထဲက လက်ကျန် ဘီယာကို မော့သောက်ပစ်လိုက်ပြီး လက်ကတော့ ပုလင်းအသစ်ဆီကို လှမ်းရင်း...
"ဒီည တစ်ယောက်မှ မပြန်ကြေးနော် ငါ ဟိုတယ်ဘိုကင်လိုက်မယ် အဲ့မှာ ထပ်သောက်ရင်း တညလုံး ဖဲရိုက်မယ်"
ဘာရယ်... ။ ဖန်ခွက်ပြည့်ခါနီးထိ လောင်းချနေခဲ့တဲ့ ကိုယ့်လက်တွေက တန့်ကနဲ။ မူးနေပြီ.. မူးလွန်းလို့ သောက်နေတဲ့ ဘီယာတောင် ဘာအရသာမှမရတော့ဘူး၊ ဒါကြောင့်လဲ ဆက်တိုက် one shot နေတာ ကိုယ် သုံးခွက် ရှိပြီ။ပုံမှန်ဆို အရသာခံရင်း ဖြည်းဖြည်းချင်း မူးနေရတာကိုမှ ကြိုက်တာ။
" No... ပြန်ရမှာ... မနက်ဖြန် Morning ငါက!"
ဒီစကားတောင် လျှာမလိပ်အောင် မနည်းပြောရတာ။ ထင်တဲ့အတိုင်း ကိုယ် စငြင်းတော့ အဖွဲ့ထဲက အကဲဆုံးတွေက ဆူဆူညံညံ ပိတ်အော်ကြတယ်။ နားတဖက်ထဲ လက်ညှိုးထိုးထည့် ပိတ်လိုက်ပြီး ကိုယ် ဘီယာခွက်ကိုပဲ မော့ချပစ်လိုက်တယ်။ တချို့ အိမ်မပိုင် ဘဲမပိုင်တွေကလဲ ထငြင်းကြတယ်။ သေချာတာတော့ ဒီပုလင်းပြီးရင် ဘယ်သူဘာပြောပြော ကိုယ် ထပြန်ပြီ
တာ့တာ..."အစ်မ အဆင်ပြေလား ခင်ဗျ? အငှားယာဉ် ခေါ်ပေးရမလားခင်ဗျာ?"
လေးလံနေတဲ့ ခြေလှမ်းတွေကို နည်းနည်းလေးမှ ယိုင်မနေအောင် ကိုယ်ထိန်းနိုင်ပါတယ်။ မျက်လုံးပဲ သေသေချာချာ မဖွင့်နိုင်နေတာ။ အရက်သမားတွေမှာ မညာနိုင်ဆုံးက အားမထည့်နိုင်တော့တဲ့ ရီဝေဝေ မျက်လုံးတွေပဲလေ...
ပြုံးပြုံးလေး ခေါင်းယမ်းလိုက်ပြီး ကိုယ် လက်ကာပြလိုက်တယ်။ ဒီည လမ်းလျှောက်ပြန်မှာ။
ည လေညင်းလဲ ရှူချင်တယ်။
လရောင်အေးအေးလေးကိုလည်း ကိုယ် ခံယူချင်တယ်...မြို့လယ်မကျတကျ Barကနေ ကိုယ့်တိုက်ခန်းဆီကို ဝေးလှ 1 kilo ဝန်းကျင်ပေါ့။
*Laying down in my bed 4am, we get up...
Lets take a drive... feel alive, lets just be together*Airpodsထဲမှာ ဖြည်းဖြည်းချင်း ပျံ့လွင့်လာတဲ့ Jadenရဲ့အသံအေးအေးနဲ့အတူ ကိုယ် မျက်လုံးတွေမှိတ်ချလို့ ခေါင်းကို သဲ့သဲ့မော့ရင်း ခြေလှမ်းတွေ ခပ်လေးလေး လှမ်းတယ်။