နန်းဦးဘုရားမှ ပြန်လာတော့ ကိုယ်ပိုင်နန်းဆောင်သို့ မပြန်နိုင်ဘဲ ဆုရင် အတွေးများနေရသည်။ ထိုကြောင့် မင်းသမီးနန်းဆောင်သို့ သွားရန် မိန့်ကြားထားသည်။ ဝေါယာဥ်သည် မင်းသမီးသုဒ္ဓါရုံဝတီ၏နန်းဆောင်ရှေ့ တည့်မတ်စွာ ရပ်သွားသည်။ ဆုရင် ဝေါပေါ်မှ သိမ်မွေ့စွာ ဆင်းလိုက်တော့ အဆောင်တော်အပြင် ဖိနပ်တော်နေရာ၌ အထိန်းတော်ကြီးမယ်အုံသည် ဒူးတုပ်ထိုင်ကာ လက်မြှောက်ထား၏။ ဆုရင် အဆောင်ရှေ့ ကြွရင်း နားမလည်စွာ ကြည့်လိုက်သည်။
"မယ်မင်း အဘယ်ကြောင့် ဤရှေ့ရောက်နေသလဲ''
"ကျ...ကျွန်တော်မျိုးမ အထိတ်တလန့်ဖြစ်ကာ မူးဝေသွားပါသောကြောင့် မင်းသမီးက အမျက်တော်ရှသွား၍ ရောင်နီပြည့်ဝန်းစွာ မထွက်တကြား အဆောင်တော်အပြင်၌ ဤသို့နေရန် မိန့်ထားကြောင်းပါဘုရား''
မယ်အုံသည် အရှေ့အရပ်သို့ မျှော်လင့်တကြီးကြည့်ကာ လျှောက်တင်လာသဖြင့် ဆုရင် မျက်ခုံးအနည်းငယ်တွန့်ချိုးမိသည်။ မယ်အုံသည် နဖူး၌ ချွေးများ စီးကျနေပြီး မြှောက်ထားသောလက်မှာ ညောင်း၍ တုန်ချင်နေသည်။ မင်းသမီးက မယ်အုံအထိတ်တလန့်ဖြစ်ခြင်းကို အမျက်ရှသင့်ပေရဲ့လား။ မင်းသမီး၏အနိုင်ကျင့်ခြင်းကို ကြုံလိုက်ရသဖြင့် ဆုရင် မာန်တင်းသွားရသည်။ သို့သော် ဤထိ ရောက်လာမှတော့ လှည့်မပြန်နိုင်။ သိချင်သည်များ ဝင်မေးရပေမည်။ နန်းဆောင်တံခါးချပ်ရှိ ရွှေရောင် သံကွင်းကို အသာဆွဲလိုက်ပြီး တံခါးဖွင့်လိုက်သည်။
"မင်းသမီး၏အတွင်းတော်သို့ မကြွမြန်းသင့်ပေဘူးမဖုရား၊ နှလုံးတုန်လှုပ်ကာ မူးဝေနိုင်ကြောင်းပါဘုရား''
"မိဖုရားတစ်ပါးက မင်းသမီးကို ကြောက်ရွံ့ရပေမတဲ့လား၊ ရွှေနားတော်မအပ်ရာများ လျှောက်တင်လေရလားကွယ်''
ဆုရင် အထိန်းတော်မယ်အုံကို မျက်ကွယ်ပြုကာ နန်းဆောင်တွင်းသို့ ဝင်သွားသည်။ ညင်သာသောခြေလှမ်းတို့ဖြင့် တရွေ့ရွေ့တိုးသွားရင်း ခြောက်လှမ်းမြောက်တွင် ရွှေခြေဖဝါးအစုံမှာ တိခနဲ ရပ်တန့်သွားရသည်။ ဆုရင်၏မျက်ဝန်းတို့မှာ ဝိုင်းစက်သွားရပြီး နှုတ်ခမ်းဆွေးဆွေးတို့မှာ ပွင့်ဟသွားသည်။ တည်ငြိမ်လှပါသည့် ရာဇဣန္ဒြေတော် ရွှေမျက်နှာအမူအရာအား မထိန်းနိုင်။ ပါးပြင်တွင် ကာဆီးထားသည့် ပဝါပါးလွှလွှလေးမှာ ဆုရင် အသက်ရှုလေကြောင့် တစ်ချက်တစ်ချက် ဝဲလွင့်သွားသည်။
YOU ARE READING
ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်