လာမကြိုပါနဲ့လို့ မှာထားသည့်ကြားက
ကျောင်းရှေ့ထိ လာကြိုသည့် အိမ်ကကား ကို
မမြင်သည့်အလား ကျော်ထွက်လာခဲ့လိုက်သည်။အချိန်တန်အိမ်ရောက်ရင် ပြီးရောမလား။
လွယ်အိတ်ကို တစ်ဖက်တည်းလွယ်ကာ
သေသေသပ်သပ်စည်းထားသည့်နက်ကတိုင်ကို လက်တစ်ဖက်နဲ့ ဆွဲလိုက်တော့ လျော့တိလျော့ရဲ
ဖြစ်သွားပုံက လူအများအမြင်မှာ ဂျစ်ကန်ကန်လူဆိုးလေး လို့ထင်သွားစေသည်။ထင်သွားလည်း ဂရုမစိုက်ပေ။သူ သည်လည်း
အဲလိုဖြစ်အောင် တမင်နေနေတာပဲလေ။
အရင်ကဆေးလိပ်မသောက်တတ်ပေမဲ့
ခံစားချက်လေးကောင်းလာလို ကောင်းလားငြား သောက်ကြည့်ရင်း စွဲသွားတာ အခုဆို
ဆေးလိပ်မသောက်ရဘဲ ဂယူဗင်း မနေနိုင်တော့ချေ။စိတ်အပြောင်းလဲဖြစ်သွားအောင်၊ အေးစက်နေတဲ့
သူ့နှလုံးသားလေးနွေးသွားအောင်၊ ပျော်တာဖြစ်ဖြစ် ၀မ်းနည်းတာဖြစ်ဖြစ် ခံစားလို့ရအောင် သူ့ကို
စွမ်းဆောင်နိုင်သည့် အရာတွေက ခပ်ရှားရှား။အရင်တိုင်းသာဆို ဘတ်စ်ကားမှတ်တိုင်ကို
သွားမည် ဖြစ်သော်လည်း ဒီနေ့တော့ လမ်းလျှောက်ချင်စိတ်လေး ပေါ်လာသည်နဲ့တစ်ပြိုင်နက်တည်း
လူရှင်းသည့် လမ်းကျဥ်းလေးထဲကိုသာ
ချိုး၀င်သွားလိုက်သည်။အမှန်ဆို အိမ်နောက်ဖေးလမ်းသာသာလေးပါပဲ။ဆေးလိပ်ခိုးသောက်သည့် ပေတေတေလူငယ်တွေအကြိုက်။ဂယူဗင်းကတော့ ဒီလိုနေရာတွေကို
မကြိုက်ပါ။သူကမှ ဆေးလိပ်ခိုးမသောက်ဘဲ သောက်ချင်စိတ်ပေါ်လာရင် ဘယ်နေရာမရွေးသောက်တာပဲလေ။သာမန်ဆို နောက်ဖေးလမ်းကျဥ်းကျဥ်းလေးတွေ
က အမှိုက်ပုံးတွေနဲ့ ဓါတ်တိုင်မှဖြာကျလာသည့်
မီးအရောင်တွေပဲ ရှိသည်။
ဒီနေ့တော့ ထူးခြားစွာ အမှိုက်ပုံးဘေးမှာ
ကြောင် လေးတစ်ကောင်ကိုလည်း မြင်လိုက်သေးသည်။ညောင်~
သွားနေသည့် ခြေလှမ်းတွေကို ရပ်လိုက်ပြီး
မရည်ရွယ်ထားဘဲ အချိန်အကြာကြီးရပ်ကြည့်သွားမိသည် ထင်သည်။