Unicode
"ကိုကို့ ကို ကန်တော့ပါတယ်"
*အဟွတ်...အဟမ်း....*
ချောင်းတွေထဆိုးကာ လည်ချောင်းတွေထရှင်းနေသည့် မင်းဟိန်းကြောင့် သစ်လွင်ကပြုံးစေ့စေ့နှင့်။ ပုဆိုးတစ်ထည်၊ အင်္ကျီလက်ရှည်အဖြူတစ်ထည်ရှေ့ချကာ မင်းဟိန်းကို လက်အုပ်ချီကန်တော့နေသည့်သူက သစ်လွင်။ အသက်အားဖြင့် လေးလလောက်သာကွာပေမယ့် ဒီလို နေ့တွေဆို သစ်လွင်တစ်ယောက် မင်းဟိန်းကို သိပ်ရိုသေတတ်တာ။ တစ်နှစ်ပတ်လုံးမှာ မင်းဟိန်းကို ကိုကိုလို့ခေါ်သည့်အချိန်တွေကလက်ချိုးရေလို့ရသည်။ ထိုရက်တွေက ဒီလိုနေ့ကြီးအခါကြီးရက်တွေနဲ့ မူးလာတဲ့ရက်တွေ။
ကျောင်းကတည်းက ဝေလင်း နဲ့ မင်းဟိန်းက ရက်ပိုင်းသာကွာပေမယ် သစ်လွင်ကတော့ သူတို့ထက် လေးလလောက်ငယ်သည်ကြောင့် ထိုအရာကို အခွင့်ကောင်းယူကာ သစ်လွင်က သိပ်ဆိုးသည်။ မိသားစု စိတ်ဒဏ်ရာတွေများလွန်းသည့် သစ်လွင်အတွက်တော့ သူတို့ နှစ်ယောက်က မိသားစုလိုပင်။ တည်တည်တံ့တံ့နေတတ်ပြီး ဘူးဆို ဖရုံမသီးတတ်သည့် ဝေလင်းအပေါ်ဆိုးလို့မရတဲ့အချိန်တွေဆို သကောင့်သားက မျက်နှာငယ်လေးနဲ့ မင်းဟိန်းနားပဲကပ်လာတတ်တာဖြစ်သည်။ လိုချင်တာရသွားရင် လှည့်မကြည့်တတ်တော့တာသိပေမယ့် မင်းဟိန်းကိုယ်တိုင်က သစ်လွင်တစ်ယောက်ထိုမျက်နှာငယ်လေးနဲ့များနေပြလိုက်ရင် ဒူးတွေအကြိမ် ကြိမ်ပြေးထောက်နေမိတာကိုး။
"ကိုကို...ကန်တော့ပြီးပြီ"
မျက်မှန်အောက်က မျက်လုံးလေးတွေမှိတ်ကျအောင်ပြုံးရင်း ကန်တော့ပြီးပြီဆိုသည့်စကားနှင့် အရှေ့ကိုဆန့်တန်းကာဖြန့်လာသည့် လက်နှစ်ဖက်က တစ်ပြိုင်နက်တည်း။ ဒီကလေးစိတ်ပေါက်နေသည့်သူက အသက်သုံးဆယ်ကျော်နေပြီဖြစ်သည့် ဆရာဝန်ဆိုတာကို အခုချိန်တစ်ယောက်ယောက်ကို ခေါ်ပြရင် ယုံကြပါ့မလားမသိပါ။
"လိုချင်တာရှိရင်တော့ကိုကို။ မလိုတော့ရင်တော့ ဟေ့ကောင် မင်းဟိန်း"
"အာ........စေတနာမပါဘူးပဲ"
ကဒ်တစ်ကဒ်နှင့် ကားသော့အသစ်တစ်ချောင်းထုတ်ပေးတော့ လက်ကယူကာအိတ်ထဲကောက်ထည့်ပြီးမှ ထိုစကားကိုပြော၏ တစ်ခါတစ်လေ ထိုသို့ကလေးဆန်တတ်သည့်အချိန်တွေဆို သစ်လွင်ကသိပ်အသဲယားဖို့ကောင်းလွန်းသည်။ လာကန်တော့တာက ပုဆိုးတစ်ထည် နဲ့အင်္ကျီတစ်ထည်ဆိုပေမယ့် ပေးလိုက်ရတာ ဘဏ်ကဒ်တစ်ကဒ်နှင့် အသစ်စက်စက်ကားသော့တစ်ချောင်း။ ပုံမှန်အချိန်တွေဆို မင်းဟိန်း၏ ပိုင်ဆိုင်မှုတွေကိုစိတ်မ၀င်စားတတ်သည့် သစ်လွင်က ဒီလိုရက်တွေဆိုလိုချင်တာအကုန်တန်းစီတောင်းတတ်သည်။
DU LIEST GERADE
သက်ဆိုင်သူ (Unicode+Zawgyi)
Aktuelle Literaturpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။