(11)
ဒီလူက သမာရိုးကျဝတ်စုံကိုဝတ်ဆင်ထားတယ်။ သူ့ရဲ့လည်သာရှုးဖိနပ်တစ်စုံကတော့ အတွင်းခန်းဘက်ကို ဦးတည်ထားတယ်။ သူ့လက်ထဲမှာက အစောတုန်းကဟာလိုမျိုး ခြေကျင်းဝတ်ကိုခတ်တဲ့ချိန်းကြိုးတစ်ခု...
ဒီလူက နဖူးပေါ်ကဆံပင်တွေကိုနောက်လှန်ဖီးထားပေမယ့် နားရွက်ဘေးက ဆံပင်အချို့ကတော့ အရှေ့ဘက်ကိုကျနေတယ်။ သူ့ရဲ့ခန့်ညားပြီးရှည်လျားတဲ့ နှာခေါင်းချွန်ချွန်ထက်မှာ ရွှေကိုင်းမျက်မှန်တစ်ခုရှိပြီး ဒါကပဲ သူ့ကိုလူရည်လည်ပုံပေါက်စေတယ်။ သူ့မျက်ဝန်းတွေမှာ ရယ်မြူးရိပ်မရှိဘူး၊ ဒါပေမယ့်နှုတ်ခမ်းပါးပေါ်ကအပြုံးရေးရေးတစ်ခုကပဲ လူတွေကို ပြောမပြတတ်လောက်အောင်ကြောက်ရွံ့မိစေပါတယ်။
"ဟင့်အင်း... " ငါ ခေါင်းကိုယမ်းရင်း ဖင်တရွတ်တိုက်နောက်ဆုတ်မိတယ်။
ဒီလူက ငါ့စကားကိုမကြားသလိုမျိုး ရှေ့ကိုခပ်မြန်မြန်ပဲ တိုးလာတယ်။
ငါ မတ်တပ်ထရပ်လိုက်တဲ့အခါမှာတော့ လက်ဖဝါးဆီက ဆစ်ခနဲနာကျင်မှုကိုခံစားလိုက်ရပါတယ်။ တစ်နေ့လုံး ဓါးကိုင်ထားတဲ့လက်က နာလွန်းလို့ထုံတောင်ထုံနေပြီ။ ငါ့ရဲ့သည်းခံနိုင်စွမ်းအားလည်း ကုန်ဆုံးလုနီးပါးပြုနေပြီ။ ငါ ဘေးနားကစားပွဲကိုအမှီပြုပြီး ထုံကျင်နေတဲ့လက်တွေနဲ့ ထောင့်စွန်းတွေကို ဆုပ်ကိုင်ထားရင်း သူ ငါ့နားတိုးကပ်လာမယ့်အချိန်ကို စောင့်နေတယ်။
အဲဒိလူက ငါ့ရှေ့မှာဒူးထောက်ချလိုက်တယ်။ ငါ့ခြေထောက်က ချိန်းကြိုးအပျက်ကြီးကို သူဖြုတ်နေတဲ့အချိန်မှာ အချိန်ကိုက်ဝင်လာတဲ့အခွင့်အရေးကိုအသုံးချပြီး သူ့ဘယ်ဘက်ပုခုံးကို ငါကန်ထဲ့လိုက်တယ်။ ဒါပေမယ့် အဲဒိလူက သာမန်လူတစ်ယောက်မဟုတ်တာကို ငါမေ့သွားခဲ့ပါတယ်....
သူက ငါကန်တာကိုခံလိုက်ရလို့ ကြမ်းပြင်ပေါ်ကိုလဲကျမသွားဘူး၊ နည်းနည်းလေးပဲယိုင်သွားတယ်။ ဟန်ချက်ပျက်သွားတဲ့သူက နောက်ခြေတစ်လှမ်းဆုတ်ပြီး မတ်မတ်ပြန်ထိန်းပြီးတဲ့အခါမှာတော့ လျှပ်စီးလက်သလိုအမြန်နှုန်းနဲ့ ငါ့ခြေကျင်းဝတ်ကိုဖမ်းဆွဲလိုက်တယ်။ ဒီလူက ခေါင်းကိုမော့ကာ မီးတောက်ငှက်လိုစူးရှရှမျက်လုံးတွေနဲ့ ငါ့ကိုကြည့်လာတယ်။ ကျန်လက်တစ်ဖက်နဲ့တော့ သူ့နှာခေါင်းပေါ်ကမျက်မှန်ကို တွန်းတင်လေရဲ့။