အပိုင်း(၂၁၁) နောက်ထပ် ကောင်းချီးခံ တစ်ယောက်လား
“ဝေ့ဝူယင်... သေချာလား...”
ထူထဲသော မျက်ခုံးများကို ပိုင်ဆိုင်ထားသည့် လူငယ် ရွှယ်ဟန်က မယုံကြည်နိုင်စွာ မေးလိုက်၏။ ဝေ့ဝူယင်က မည်သူနည်း။ ကြီးမြတ်လှသည့် အနန္တဧကရာဇ်ဂိုဏ်းကြီး၏ ကောင်းကင် ဧကရာဇ် အဆင့် တပည့် ဖြစ်သည်။ ရွှယ်တိုင်းပြည်၏ ဧကရာဇ်အရှင်ပင် သူနှင့် နှိုင်းယှဥ်ရပါက များစွာ နိမ့်ကျလှသည်။ မျက်နှာဖုံးတပ် ပုဂ္ဂိုလ်က အမှန်တကယ် ဝေ့ဝူယင်လော။
ပိန်လှီသော လူငယ် ရွှယ်ယုမှာမူ ဆွံ့အနေ၏။ ခွန်အား ကင်းမဲ့ဟန်ရသည့် သူ၏ မျက်ဝန်းများက တဖျပ်ဖျပ် အလင်းများဖြင့် တောက်ပလာ၏။ ထိုအရာက သူ့အတွက် အခွင့်အရေး တစ်ခု ဖြစ်သည်။
ထိုသတင်းက တန်ဖိုး ကြီးမားကာ အလွန် အံ့အားသင့်စရာ ကောင်းလွန်းသည်။ ကောင်းကင် နတ်မြင်းပျံ ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် ပါရမီရှင် တစ်ပါး မဆိုထားနှင့် သာမန် အဂ္ဂိရတ် ဧကရာဇ် တစ်ယောက်ပင်လျှင် ကုန်းမြေတိုက်ကြီး တစ်ခုပေါ်သို့ သိပ်ရောက်လေ့ မရှိချေ။
အကယ်၍ ဝေ့ဝူယင်နှင့်သာ ဆက်ဆံရေး တစ်ခု ဖွဲ့စည်းနိုင်ပါက... သူ၏ အနာဂတ်က များစွာ ပြောင်းလဲသွားပေလိမ့်မည်။
ကျင့်ကြံခြင်းသည် များစွာသော အခက်အခဲများ၊ ခလုတ်ကန်သင်းများနှင့် ပြည့်နှက်နေသည့် လမ်းစဥ် တစ်ခု ဖြစ်သည်။ အဂ္ဂိရတ် တာအိုသည် ထိုအခက်အခဲများကို ပြေလည်စေကာ ကြယ်တာရာ အမြုတေ အဆင့်ကို ပို့ဆောင် ပေးနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။
ကျယ်ပြောလှသော သုံးလွှာ ကြယ်တာရာ နယ်မြေကြီးတွင် ထရီလျံချီသော ကျင့်ကြံသူများ ကျင်လည် ကျက်စားကြသည့် အနက် ထိုအထဲမှ သန်းဂဏန်းမျှသာလျှင် ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိ နိုင်ကြသည်။ ထိုအထဲမှ တစ်ယောက် ဖြစ်ခွင့်ရခြင်းက မည်မျှ ကြီးကျယ်ခမ်းနား လိုက်သနည်း။ တော်ဝင်မျိုးနွယ် မင်းသား၊ မင်းသမီးများ ပင်လျှင် ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိရန် အခွင့်အရေး တစ်ရာပုံ တစ်ပုံမျှသာ ရှိပေသည်။
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Abenteuerအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...