unicode
ညဘက်ရောက်တော့ ထက်ရှား ကိုဥက္ကာနှင့်အတူ ထွက်လာလိုက်သည်။မိဖြူကိုဝင်ခေါ်ချင်ပါသော်လည်း သူတစ်ယောက်တည်းက ကိစ္စမရှိပေမဲ့ ကိုဥက္ကာပါ ပါလာတော့အဆင်မပြေပေ။
နှစ်ယောက်သား ခပ်သွက်သွက်လျှောက်လာတော့ ဘုန်းကြီးကျောင်းအဝင်ဝတွင် အကို့ ကိုတွေ့ရလေသည်။သူ့သူငယ်ချင်းတစ်စုနှင့် ရပ်နေတာဖြစ်ပြီး ထက်ရှားကို မြင်သည်နှင့် စကားပြောနေရင်းမှ ရပ်လိုက်ပြီး ထက်ရှားကိုပဲ ကြည့်လာသာ်။
ထက်ရှား ဘေးတွင် ယှဉ်လျက်အတူ လျှောက်လာသည့် ကိုဥက္ကာကို မြင်သည်နှင့် မျက်မှောင်ကြုတ်သွားပြီး ကိုဥက္ကာကိုလည်း စူးစူးရှရှစိုက်ကြည့်နေသေးသည်။အကို စိတ်ဆိုးနေပြီဆိုတာသိလို့ ထက်ရှားမှာ ကြားမှနေ၍ အတော်အနေရခက်လာသည်။ ဘာပဲဖြစ်ဖြစ် ကိုဥက္ကာက ရွာကို အလည်လာတဲ့ ဧည့်သည်မလား။
အနားရှိ ကိုဥက္ကာကို အားတုန့်အားနားဖြင့် တစ်ချက်ပြုံးပြလိုက်ပြီး အကို့ကိုကြည့်၍
“အကို ရောက်နေတာကြာပြီလား”
“မကြာသေးဘူး”
ထက်ရှား၏ အကိုဆိုသည့် အခေါ်အဝေါ်ကြောင့် အနားရှိ အကို့ သူငယ်ချင်းတွေသည် မျက်ခုံးပင့်၍ တစ်ယောက်ပခုံးတစ်ယောက်သိုင်းဖက်ကာ ဘုန်းကြီးကျောင်းထဲ ဝင်သွားလေသည်။
“ဟို ကိုဥက္ကာကို အထဲလိုက်ပို့လိုက်ဦးမယ်နော်”
“သူက မသွားတတ်ဘူးလား”
“ဟင် ၊ မဟုတ်ဘူးလေ”
“ထက်ရှားရတယ် ၊ အကို ကိုယ့်ဘာသာပဲဝင်သွားလိုက်တော့မယ်”
“ဟုတ် အားနာလိုက်တာ”
“ရပါ့ဗျာ”
ကိုဥက္ကာ အထဲဝင်သွားသည်ဆိုတာသေချာမှ စိတ်ဆိုးနေသော အကို့ကို ချော့ရန် အရှေ့ပြန်လှည့်လိုက်သည်။
“အကို ၊ မျက်မှောင်ကြုတ်မထားနဲ့လေ ၊ ကြောက်စရာကောင်းအောင်”
“ရှား ကိုယ်သဝန်တိုတယ်ကွာ၊ အဲကောင်နဲ့ အဲလိုနီးနီးကပ်ကပ်မနေလို့မရဘူးလား”
“အကို က လည်း ၊ အခုက အမေတို့မရှိလို့ပါ၊ နောက်မဖြစ်စေရပါဘူး နော်”
YOU ARE READING
ကိုယ့်ရဲ့ ရှား
Fantasyမင်းဟာ ကိုယ်ရုန်းမထွက်ချင်လောက်တဲ့ အမှားတစ်ခု။ ကျော်စွာ + ထက်ရှား ပထမဆုံးဖန်တီးမှု။