ချုံပုတ်များအနောက်ဘက်မှ စကားသံများကြားလိုက်ရသည်။ မီးမွေးထားသဖြင့် မီးခိုးငွေ့များမွှန်နေကာ ညော်နံ့ရ၏။ အဋ္ဌာ ဓားကို ကိုင်မြှောက်ရင်း တရွေ့ရွေ့တိုးသွားသည်။ ယုန်တစ်ကောင်ကို မီးဖိုကာ ကင်ထားသည်။ စခန်းချနေကြ၏။ သတိထားနေစဥ် လျှပ်တပြက် မထင်မှတ်စွာ ဓားတစ်လက်မှာ အဋ္ဌာပခုံးပေါ်ကျလာသဖြင့် အဋ္ဌာ ဓားဖြင့် ကာလိုက်ရာ ချွမ်ခနဲ မြည်သွား၏။ အခြားရဲမက်တို့မှာ တိုက်ခိုက်ရန် ဓားပြင်ကြတော့သည်။
"နှမအဋ္ဌာ"
"ဟင်! အမောင်ခွန်ရာ အစ်ကိုကြီးဗလ စန္ဒာ"
တပ်မှူးခွန်ရာမှာ အဋ္ဌာကို တိုက်ခိုက်ပြီးမှ မျက်နှာမြင်တော့ ရပ်လိုက်သည်။ သို့သော် ရဲမက်ခေါင်းဆောင်မှာ ဓားဝင့်ကာ အစ်ကိုကြီးကို စတင်တိုက်ခိုက်တော့သည်။
"ဒီမယ် ကိုယ်ရံတော် ရန်သူမဟုတ်ပေလို့ မတိုက်ခိုက်လေနှင့်တော့"
"ဘယ်ကြောင့်ရန်သူမဟုတ်ရလေမလဲ၊ ဤလူက သေဒဏ်ချမှတ်ခံရထားသည့် ပုန်ကန်သူတစ်ဦး ဟိုလက်ရွေးငယ်မြင်းတပ်မှူးက အရှင်ဘုရင်ကိုယ်တိုင်ဖမ်းဝရမ်းထုတ်ထားလေတဲ့အပြစ်သား ကျုပ်တို့ ငမိုက်သားနှစ်ဦးကို ဖမ်းပြီး ရတနာပူရအပေါ် သစ္စာစောင့်သိကြောင်း ပြရပေမယ်၊ ရဲမက်တို့ တိုက်ကြစမ်း''
ရဲမက်ငါးဦးသည် အစ်ကိုကြီးနှင့်တပ်မှူးကို တိုက်ခိုက်ကြသည်။ အဋ္ဌာ ရုတ်တရက် ဘာလုပ်ရမည်မသိပေ။ ပွဲကြည့်ပရိတ်သတ်လို ဘေးမှ အူတူတူရပ်နေမိကြသည်။
တပ်သားငါးဦးသည် ဘုရင့်တပ်မှ ကိုယ်ရံတော်များမို့ အတိုက်အခိုက်ကျွမ်းကျင်ကြ၏။ အစ်ကိုကြီးတို့သည် ငါးဦးကိုမျှ မနည်းခုခံနေရပြီး နောက်ထပ်နှစ်ဆယ့်ငါးဦးရောက်လာလျှင် ရင်ဆိုင်နိုင်တော့မည်မဟုတ်။ ကျရှုံးရန်သာ ရှိသည်။
အဋ္ဌာ ဓားကို တင်းတင်းကိုင်၍ အံကြိတ်လိုက်သည်။ မျက်ဝန်းမှာ အသက်မဲ့ကာ နီရဲနေ၏။ လက်ကို အစွမ်းကုန်မြှောက်၍ ရှေ့တွင် ရှိနေသော ရဲမက်ကို ခုတ်ပိုင်းလိုက်၏။ ရဲမက်က အဋ္ဌာ၏ဓားချက်ရှောင်၍ ပြန်တိုက်ခိုက်လာသည်။ အစ်ကိုကြီးဗလ၏ဓားချက်ဖြင့် ရဲမက်တစ်ဦးလဲကျသွားသည်။
YOU ARE READING
ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်