အပိုင်း(၂၉၆) ယွင်ဟန်ရှီ
ဝေ့ဝူယင် ဓားကိုးစင်းကို ကြည့်ရင်း အသာအယာပင် ပြုံးလိုက်၏။ တစ်ချိန်တည်း၌ လီရှောင်၏ မျက်နှာမှာမူ ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လက်မခံချင်သည့်တိုင် ထိုအရာများကား အစစ်အမှန် ကြယ်တာရာ လက်နက်များ ဖြစ်သည်။ ထို့အပြင် ၎င်းတို့က အဆင့်နိမ့်များ မဟုတ်ကြချေ။ ရည်ရွယ်ချက် တစ်ခုစီနှင့် ထူးခြား ဆန်းကြယ်သည့် ဝင်္ကများကို ထည့်သွင်းထားပုံ ရသည့် လက်နက်များ ဖြစ်ကြသည်။
“ဒါတွေက...”
တဖိတ်ဖိတ် တောက်ပနေသည့် ကြယ်တာရာ လက်နက်များကို ကြည့်ရင်း လုံချန်၏ မျက်လုံးများပင် မသိမသာ အရောင်ပြောင်းလဲသွားသည်။ ၎င်းတို့ အားလုံးမှာ သီးခြားဖြစ်တည်မှုများကို ပိုင်ဆိုင်ထားကြသည့်တိုင် တစ်ချိန်တည်း၌ တစ်ခုတည်း၊ တစ်စုတစ်စည်းတည်း ဖြစ်သလို သူ ခံစားလိုက်ရသည်။ မကြာခင်မှာပင် လျှို့ဝှက် ဆန်းကြယ်သော တစ်စုံတစ်ရာကို ရှာဖွေ တွေ့ရှိသွားဟန်ဖြင့် သူ့မျက်လုံးများက တဖြည်းဖြည်း တောက်ပလာခဲ့တော့၏။
ချင်ချူးမူ လီရှောင်ကို အာရုံမစိုက်ခင် ဝေ့ဝူယင်ထံ တစ်ချက် လှမ်းကြည့်လိုက်မိ၏။ မူလ ပထမက ထိုဓားကိုးစင်းမှာ အမှီအခို ကင်းမဲ့သော ဓားများ ဖြစ်ခဲ့ကြသည်။ ထိုထက် ပို၍ တိတိကျကျ ဆိုရလျှင် ၎င်းတို့မှာ မိသားစုများ၊ မျိုးနွယ်များ နှစ်ပေါင်း ထောင်သောင်းချီ လက်ဆင့်ကမ်းလာခဲ့သည့် ကြယ်တာရာ အမွေအနှစ် ပစ္စည်းများပင် ဖြစ်သည်။ ခေတ်အဆက်ဆက်၌ မရေမတွက်နိုင်သော ကြယ်တာရာ အမြုတေ အဆင့်များသည် သူတို့၏ စွမ်းအင်များ ရည်ရွယ်ချက်များဖြင့် ၎င်းတို့ကို မွမ်းမံခဲ့ကြရသည်။
ကံထောင်းထောက်မစွာပင် ဝေ့ဝူယင်သည် ၎င်းတို့ အားလုံးကို ဝယ်ယူ စုစည်းနိုင်ခဲ့ကာ အတော်ဆုံး ပန်းပဲ ပညာရှင်များထံတွင် အပ်နှံခဲ့သည်။ အကျိုးဆက် အနေဖြင့် ဓားတစ်စင်းချင်းစီမှာ ယခင်ကထက် အားနည်း သွားခဲ့သည့်တိုင် တစ်စုတစ်စည်းတည်း အဖြစ် ပြောင်းလဲသွားကာ ချိတ်ဆက် အသုံးပြုရန် အလွန် လွယ်ကူလာခဲ့သည်။
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Aventuraအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...