အပိုင်း(၃၁၆) တောင်းဆိုမှု သုံးခု
“အတင့်ရဲလှချည်လား... ပြန်ဆင်းခဲ့စမ်း...”
ဇင်၏ ဒေါသတရားကား အဆုံးစွန်ထိရောက်အောင် ပေါက်ကွဲနေခဲ့ပြီ ဖြစ်လေသည်။ ဝေ့ဝူယင်မှာ တစ်စထက် တစ်စ အတင့်ရဲလာနေခဲ့သည်။ ပထမဆုံး အသိအမှတ်ပြု အခမ်းအနားတွင် နှစ်နာရီတိုင်တိုင် သူ နောက်ကျခဲ့သည်။ ပြောရလျှင် ဝေ့ဝူယင်၏ အဆင့်အတန်းမှာ ကောင်းကင် ဧကရာဇ် အဆင့်မျှသာ ဖြစ်ပြီး အခမ်းအနားကို တက်ရောက်ရန်ပင် အခွင့်အရေး ရှိသူ မဟုတ်ချေ။
ဘာပဲဖြစ်ဖြစ် သူမ စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ထိုလူငယ်လေး၏ အလားအလာ၊ အဂ္ဂိရတ် ပါရမီတို့ကို သူမကိုယ်တိုင် သဘောကျခဲ့သည်ကတော့ ငြင်းပယ်၍ မရသည့် အမှန်တရား ဖြစ်သည်။ သူမ ရင်ထဲ၌ ဝေ့ဝူယင်၏ အဆင့်အတန်းက မဟာ အင်ပါယာ သူတော်စင်များနှင့်ပင် တန်းတူသည်။ အနည်းငယ် နိမ့်ကျသည် ဟုပင် သူမ မတွေးဖူးချေ။
သို့သော်လည်း ယခုကဲ့သို့ မဟာ ဧကရာဇ်၏ ရာဇပလ္လင်ထက် တက်ထိုင်သည်ကတော့ အတော့်ကို လွန်သွားခဲ့ပြီ ဖြစ်သည်။
ဘုန်း...
ဇင် ဝေ့ဝူယင်အား ပလ္လင်ထက်မှ ဆွဲချရန် ဟန်ပြင်လိုက်စဥ်မှာပင် ပြင်ပ ခွန်အားတစ်ခုမှာ သူမ၏ ခန္ဓာကိုယ်ကို ကျူးကျော်လာ၏။ တစ်စက္ကန့်မျှ မကြာခင် အချိန်ကလေးမှာပင် သူမ၏ ဝိညာဥ် စွမ်းအင် အားလုံးမှာ အေးခဲသွားကာ အရှိန်အဝါမှာ ဖိနှိပ်ခံလိုက်ရ၏။ သူမကား ချိပ်ပိတ်ခံလိုက်ရပြီ ဖြစ်လေသည်။ ထိုအခိုက်၌ လက်တစ်ချောင်း လှုပ်ရှားရန်ပင် သူမ မတတ်နိုင်တော့ချေ။
သူမ အထိတ်တလန့်ဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ထိုအခါ သူမအား ပြုံးရင်း ကြည့်နေသည့် ထို့ပိဟန်ကို တွေ့လိုက်ရသည်။ ဤသည်မှာ ထိုလူအိုကြီး၏ လက်ချက်ဖြစ်ကြောင်း သူမ တန်းကာ သိရှိလိုက်၏။ ထို့အပြင် ချိပ်ပိတ်ခံထားရသည်က သူမ တစ်ယောက်တည်း မဟုတ်ချေ။ ကျိချန်းကောင်းနှင့် ချင်းရိုင်းတို့လည်း အပါအဝင်ပင် ဖြစ်သည်။
“ကြယ်တာရာ အမြုတေ အဆင့်ခြောက်နဲ့ ခုနစ်ကြားမှာ ဒီလောက်တောင် ကွာခြားတာလား...”
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Maceraအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...