အပိုင်း(၃၃၁) အင်ပါယာ တိုက်ပွဲ အချိန်းအချက်
“ဝေ့ဝူယင်... မင်း သူ့ကို ဘာလုပ်ထားလဲ... ခုချက်ချင်း ပြန်ဖျက်ပေးစမ်း”
လုံချန်၏ လေသံက မခံမရပ်နိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။ ယနေ့၌ သူ မိုက်ရူးရဲဆန်ခဲ့သည် ဆိုလျှင်ပင် ထိုအရာ အားလုံးက သူမ အတွက်... သူ ချစ်ရသော သူမ အတွက်ပင် ဖြစ်သည်။
ယခင်က လင်းကျိရန် သူ့ကို မည်မျှ ချစ်ခဲ့ကြောင်း၊ သူ့အပေါ် မည်မျှ တွယ်တာကြောင်း လုံချန် မှတ်မိသေးသည်။ ထိုမိန်းကလေးမှာ သူ့အတွက် ဆိုလျှင် အသက်ကိုပါ စွန့်ရဲသူ ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင်ထံမှ ပြန်လည် ရောက်ရှိလာသည့်နေ့မှ စ၍ သူမမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ ထိုနေ့မှ စ၍ သူမ၏ မျက်ဝန်းပြာများတွင် ချစ်ခြင်း မေတ္တာကို ရှာမရတော့။ တီတီတာတာ စကားသံလေးများ သူမထံမှ ထွက်ပေါ် မလာခဲ့တော့။ သူ့ကိုပင် မျက်နှာချင်း ဆိုင်လိုတော့ပုံ မရတော့။
လုံချန် ကျိန်းသေကို သိသည်။ ထိုအရာ အားလုံးက ဝေ့ဝူယင်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူက ဦးနှောက်ဆေးခြင်းကဲ့သို့ နည်းလမ်း တစ်မျိုးမျိုးဖြင့် သူမကို ပြုစားလိုက်ခြင်း ဖြစ်ရမည်။
ထို့အပြင် လင်းကျိရန်က ရှောင်ပင်းနှင့် ဟုန်ယုတို့ကိုပါ ဝေ့ဝူယင်၏ ကောင်းကင်နန်းတော်ဆီ ခေါ်ဆောင်သွားရန် ပြောခဲ့သေးသည်။ ကြည့်ရသည်က ဝေ့ဝူယင်မှာ ထိုမိန်းကလေးနှစ်ယောက်ကိုပါ ပြုစားရန် အစီအစဥ် ဆွဲထားပုံ ရသည်။ လုံချန် လင်းကျိရန်ကို စကားပြောဆိုရန် ကြိုးစားခဲ့ပါသေးသည်။ သို့သော်လည်း သူ ရရှိလိုက်သည့် တုန့်ပြန်မှုများက စိမ်းကား ရက်စက်သော စကားများသာ ဖြစ်လေသည်။
လုံချန် ဝေ့ဝူယင်ကို မုန်းတီးစွာ ကြည့်လိုက်မိ၏။ ဝေ့ဝူယင်... မင်း ငါ့ဆီက ဝူယုကို လုယူသွားခဲ့တယ်... ခု လင်းကျိရန်ကိုပါ ယူဖို့ လုပ်နေပြန်ပြီ...။
သူ ထိုအရာကို ခွင့်မပြုနိုင်ချေ။ အကြိမ်တစ်ရာ သေရမည် ဆိုလျှင်ပင် ခွင့်မပြုနိုင်ချေ။ ဝေ့ဝူယင် အပေါ် သူ၏ အမုန်းတရားများမှာ ပြင်းထန်သထက် ပြင်းထန်လာခဲ့၏။ သူ့တွင် သွားစရာ ခရီး အရှည်ကြီး ရှိသေးသည်။ သုံးလွှာ ကြယ်တာရာ နယ်မြေကို ဖြတ်ကျော်ကာ အဆုံးမဲ့ နယ်မြေများအထိ သူ ရွက်လွှင့်ချင်သည်။
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Aventuraအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...