"မောင့်ချစ်သူ အချေလေး"
Part-1
သာယာလှပသော နေ့သစ်လေးတစ်ခုပါပဲ။ဒီနေ့က ကျောင်းစဖွင့်ရက်မို့ ကျောင်းသူ၊ကျောင်းသားများ ကျောင်းသို့အစောကြီးရောက်ရှိနေကြသည်။ကျောင်း၏ မျက်နှာချင်းဆိုင်တွင် ခရေပင်တန်းများက အစီအရီ၊ခရေပွင့်လေးများဟာလည်း တဖြုတ်ဖြုတ်ကြွေကျနေသေးသည်။သင်းပျံ့လာသော ခရေပန်းရနံ့လေးဟာ ယွန်းငယ်ငယ်က ကျောင်းတက်ခဲ့ရသည့်အချိန်များအား သတိရစေမိသည်။ကျောင်းအပေါက်ဝရောက်တော့ ကျောင်း၏မုဒ်ဦးတံခါးတွင်...
"အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေဘိုမြို့"ဟူသော ဆိုင်းဘုတ်ကို သေသပ်ခမ်းနားစွာ တွေ့ရသည်။ စီးလာသော ဆိုင်ကယ်လေးကို ဂိတ်တံခါးဘေးတွင် ရပ်ထားလိုက်ပြီး ကျောင်းဝန်းထဲအရောက် မျက်စိတဆုံး မြင်ရသည့်အရာများဟာ ဟိုယခင်အတိုင်းပင် စိတ်ကိုနွေးထွေးစေတာအမှန်။ကျောင်း၏ ဟောခန်း၊ကျောင်းစာကြည့်တိုက်၊ကျောင်းရုံးခန်းတို့မှာ ယွန်းတို့ငယ်ငယ်က ကျောင်းတက်ခဲ့တုန်းကအတိုင်း ယခင်နေရာလေးမှာပင် တည်ရှိနေသေးသည်။ယွန်း ရုံးခန်းထဲရောက်တော့ စာရေးစာပွဲခုံပေါ်တွင် အာဆီယံသပြေများ အကျအနထိုးထားသော ပန်းအိုးလေးတစ်လုံးကိုတွေ့လိုက်သည်။မှတ်မှတ်ရရ ယွန်းသတိရမိလာတာကတော့ ယွန်းတို့၇တန်းနှစ်က ဆရာမက အသင်းလိုက် အာဆီယံသပြေများ စိုက်ခိုင်းတာကိုပေါ့။
"တပည့်တို့ အပင်လေးတွေကို သေချာဂရုစိုက်ကြနော် ဒါမှ အပင်လေးတွေကြီးလာရင် တချိန်ချိန်ကျ ဒါငါတို့နှစ်တုန်းက စိုက်ခဲ့တဲ့အပင်လေးတွေလေလို့ ဂုဏ်ယူစွာပြောနိုင်မှာ"ဟုပြောတဲ့ ယွန်းတို့ဆရာမ ဒေါ်နွယ်နီထွန်းရဲ့ စကားသံလေးကို နားထဲပြန်လည် ကြားယောင်မိကာ ယွန်း ပြုံးလိုက်မိသည်။
ရုံးခန်း တံခါးနားက အပင်ကလေးတွေကိုငေးကြည့်မိရင်း...
"သြော်...ငါတို့စိုက်ခဲ့တဲ့အပင်လေးတွေတောင် အတော်ကြီးနေပြီပဲ"ယွန်း၏ နှုတ်ဖျားမှ ခပ်တိုးတိုးလေး ရေရွတ်နေမိပြန်သည်။ပြီးနောက် ယွန်းလိုအပ်သည့် ဖိုင်တွဲများအားယူရင်း ရုံးခန်းလေးထဲမှအထွက်..."အန်တီရေ...အန်တီ"
အနောက်မှ ခေါ်သံကြားလို့ လှည့်ကြည့်မိတော့
ဂျင်းဘောင်းဘီ တီရှပ်နှင့်ဂုတ်ပေါ်သို့ ဖြာကျနေသောဆံပင်ကို ဘေးသို့ပင့်သက်လိုက်ပြီး သူမအားရယ်ပြနေသော ကလေးမလေး...
"အို...တို့ကိုခေါ်တာလား"