516 - 520

70 6 0
                                    

အပိုင်း(၅၁၆) ဝေ့ဝူယင်၏ အသွင်

မိနစ် အနည်းငယ် ကြာပြီးနောက် ပုံရိပ်နှစ်ခုမှာ အဓိက ခန်းမကြီး၏ တံခါးဝသို့ ရောက်ရှိလာခဲ့၏။ ဝေ့ဝူယင်က ဖြည်းညင်းစွာပင် လမ်းလျှောက် ဝင်လာခဲ့သည်။ သူက နှုတ်ခမ်းမှ စီးကျနေသည့် လတ်ဆတ်သော သွေးများကို ညာဘက် အင်္ကျီ လက်အိုးဖြင့် သုတ်လိုက်၏။ သူ၏ ငွေရောင် မျက်လုံးများမှာ ပုံမှန်အားဖြင့် လင်းလက်စွာ တောက်ပနေသော်လည်း ယခုတွင်တော့ မှိန်ဖျော့ကာ မီးခိုးရောင် သမ်းနေသည်။ ထို့နည်းတူစွာပင် သူ၏ အသားအရည်မှာလည်း ခြောက်သွေ့ကာ အက်ကွဲနေ၏။ ထိခိုက်မှုက အတော်လေး ကြီးမားနေသည့် ပုံပင်။

ပိုင်ယုရှီနှင့် ထန်ရှင်းယွင်တို့ နှစ်ယောက်စလုံးမှာ အံ့သြ ထိတ်လန့်သွားကြ၏။ မည်မျှ ပြင်းထန်လိုက်သည့် တန်ပြန်မှုနည်း။ ကြောက်မက်ဖွယ် ဆိုးကျိုး တစ်ခုခု ဖြစ်လာမည်မှန်း အစောကတည်းက ကြိတင် သိရှိထားပြီး ဖြစ်သည့်တိုင် ထိုမျှ ပြင်းထန်လိမ့်မည်ဟု မျှော်လင့် မထားခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

ဝေ့ဝူယင်၏ မျက်လုံးများက အစီအရင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်လုံး မှိတ်ကာ ထန်ရှင်းယွင်ထံမှ မူလ အလင်း စွမ်းအငများကို စုပ်ယူနေသည့် လင်းမင်တို့ အပေါ် ကျရောက်သွား၏။ ‌ထိုအခိုက်၌   သူ၏ ပုံစံက တိတ်တဆိတ်နှင့် အစားကြူးသည့် ကလေး တစ်ယောက်လိုပင်။ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ မူလကထက် များစွာ အားနည်းနေသည့်တိုင် တသွင်သွင် စီးဆင်းနေသည့် ဝိညာဥ် စွမ်းအင်များကို ဝေ့ဝူယင် တွေ့မြင်နိုင်ပေသည်။ 

ဝေ့ဝူယင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ မိန်းကလေး နှစ်ယောက်ကို ချက်ချင်း မှတ်မိလိုက်၏။ ပထမ တစ်ယောက်မှာ အကြွင်းမဲ့ မီးတောက် တော်ဝင် သမီးတော် တစ်ယောက် ဖြစ်ကာ ဒုတိယမြောက် တစ်ယောက်မှာ လျှို့ဝှက် ဆန်းကြယ်သည့် အမျိုးသမီး ဖြစ်သည်။ တော်ဝင် ညီလာခံတွင် သူ ထိုအမျိုးသမီး၏ ပုံရိပ်ကို သုံးကာ လင်းမင်ကို အညံ့ခံအောင် လှည့်စားခဲ့ဖူးသည်။

“ကောင်းချီးခံ ယောကျ်ားလေးတွေရဲ့ ဘေးမှာ ဘာလို့ အမြဲတမ်း ထူးချွန်ပြီး လှပတဲ့ မိန်းမတွေ ရှိနေရတာလဲ... တော်တော် ကံကောင်းတဲ့ ကောင်တွေ... ကောင်းချီးခံ မိန်းမတွေ ဆိုရင်ရော အဲဒီလိုပဲ ယောက်ျားတွေ အများကြီး ရမှာလား”

အမွေခံအပြစ်သား ( Ongoing မှီ )Where stories live. Discover now