Unicode
ပုံမှန်ထပ် တည်တင်းနေသည့် မျက်နှာနှင့် အကို့ မိဘတွေသည် ထက်ရှားတို့နှစ်ယောက် တွဲထားသည့် လက်ကို စူးစိုက်ကြည့်နေကြသည်။
ထက်ရှား ကိုယ်ကို သေးသထက် သေးအောင် ကျုံ့လိုက်ပြီး အကို့လက်မောင်းကို အားကိုးတကြီးသာ ဆုတ်ကိုင်ထားမိသည်။
တဖက်မိသားစုအရှေ့တွင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်နေမိပြီး အကို့မိဘတွေထံမှ ပြောလာမည့် စကားသံတွေကိုလည်း ရင်တထိတ်ထိတ်နှင့် စောင့်မျှော်နေမိသည်။
အကိုကတော့ ဆုတ်ကိုင်ထားသည့် ထက်ရှားလက်ကို ခပ်ဖွဖွပွတ်သပ်လိုက်ပြီး
"အဲသလို စိုက်ကြည့်နေတော့ ထက်ရှား အနေရခက်နေပြီလေ"
"ဒါဆို ငါတို့က ပြုံးပျော်ပြီး ကြိုဆိုနေရမှာလား"
"ဖြစ်နိုင်ရင်ပေါ့"
"ကျော်စွာ!"
"ကဲ ၊ တော်"
မိန်းမဖြစ်သူနှင့် သားဖြစ်သူကြောင့် ကြားမှ ဟိုကလေးက အနေရခက်နေသည့် သဘောရှိသည်။ ကြားကပဲ လက်ကာ ၍ ဟန့်တားပေးလိုက်ရတော့သည်။
"အဲတော့ ဒါက မိဘတွေကို တရားဝင်လာမိတ်ဆက်ပေးတာပေါ့ ဟုတ်သလား"
"ဟုတ်တယ်"
"ဒီကလေးနဲ့ ယူရင် ဘာတွေဖြစ်လာမလဲဆိုတာ မင်းကောင်းကောင်းသိတယ်နော် ကျော်စွာ"
"ကျွန်တော်သိတယ် ၊ ရင်ဆိုင်ဖို့လည်း အသင့်ဖြစ်နေပြီ"
ဒေါ်နှင်းမှုံက ပါးစပ်တပြင်ပြင်နှင့် ထက်ရှားကိုသာ အံကြိတ်ပြီး ကြည့်နေသည်။
"ကျွန်မကတော့ ဘယ်လိုနည်းနဲ့မှ သဘောမတူနိုင်ဘူး ၊ ယောင်္ကျားနှစ်ယောက် ချစ်ကြိုက်တာ ဘယ်လိုလုပ် ကြာရှည်ခံမှာလဲ"
"ကျွန်တော် သက်သေပြမယ် ၊ ယောင်္ကျားနှစ်ယောက်လည်း ပေါင်းဖက်ပြီး ချစ်ခင်နှစ်သက်နိုင်တယ်"
"အချစ်သူရဲကောင်းကြီးပါပေါ့လေ"
"တော်တော့ မိန်းမ ၊ ဘာလဲ မင်းတို့က အခု ယူကြတော့မှာလား ၊ ဘယ်မှာလဲ အလုပ်အကိုင် ၊ ငါတို့ကတော့ ကျော်စွာ့ကို တင်းတောင်ပစ္စည်းဘာမှ ထည့်မပေးနိုင်ဘူးနော် ၊ အေး ကျော်စွာ မိန်းမတစ်ယောက်ကို ယူတယ်ဆိုရင်တော့ ပိုင်ဆိုင်သမျှ အကုန် ထည့်ပေးမှာပဲ ၊ ဒါပေမဲ့ ယောင်္ကျားတစ်ယောက် နဲ့ ယူတဲ့အတွက် ဘာပစ္စည်းမှ ထည့်ပေးမှာမဟုတ်ဘူး ၊ သူ့လည်ပင်းက ဆွဲကြိုးနဲ့ လက်က လက်စွပ်ပဲ လိုချင်ယူသွား ၊ ဒါလည်း သူ့လုပ်အားခနဲ့ရထားလို့ပေးတာ"
YOU ARE READING
ကိုယ့်ရဲ့ ရှား
Fantasyမင်းဟာ ကိုယ်ရုန်းမထွက်ချင်လောက်တဲ့ အမှားတစ်ခု။ ကျော်စွာ + ထက်ရှား ပထမဆုံးဖန်တီးမှု။