အပိုင်း(၁၃) (ZG+Uni)
136 9 0
(အခန်း-၁၃)
  ကျင့်သားရနေပြီဖြစ်တဲ့ မျက်လုံးတွေကို ဖွင့်လိုက်တာနဲ့ အမှောင်ထုကြားက လရောင်လေးဟာ ဆီးကြိုတယ်။ ဓနိမိုးတဲ့ အိမ်ခေါင်မိုးလေးက ရာသီဥတုဒဏ်ကြောင့် အပေါက်တွေနဲ့။ အဲဒီအပေါက်တွေကနေပဲ အဖြူရောင် လရောင်ပြောက်ကလေးတွေဟာ သစ်သားခင်း ကြမ်းပြင်ဆီ ဟိုနားတစ်ကွက် ဒီနားတစ်ကွက်ဖြင့် လရောင်ခြယ် ပန်းချီကားလေးလို အမြင်တစ်မျိုး သင့်နေသည်။
ပတ်ဝန်းကျင်သည် နှင်းစက်ကလေးများ၏ လှမ်းလျှောက်သံမှအပ တိတ်ဆိတ်လှသည်။ ကလှမ်းမကမ်းမှာ အိပ်နေသော ထန်ရှိန်တောင် နှစ်နှစ်ခြိုက်ခြိုက်ဖြင့်… ကြားနေရသော အသက်ရှူသံသဲ့သဲ့။
များသောအားဖြင့် ယောကျာ်းလေးအများစုသည် ညအိပ်လျှင် ဟောက်တာ အအိပ်ဆော့တာရှိသော်လည်း ထန်ရှိန်ကတော့ အသက်ရှူရုံမျှသာမို့ စကိုင်းအတွက်တော့ တော်ပါသေးရဲ့။ ကိုယ်ကိုယ်၌က ခေါင်းချလိုက်ရင် တစ်နေရာသည် တစ်သမတ်တည်း မရွေ့စတမ်း မနက်မိုးလင်းအထိ အိပ်တတ်ပြီး အအိပ်ဆော့တာတို့ဘာတို့ မရှိပါ။
ဒါပေမဲ့… ဆောင်းလလယ်သို့ ရောက်တာနှင့် ညသန်းခေါင်အချိန်ရောက်လျှင် လန့်လန့်နိုးလာတတ်တာ အတော်နဲ့ပြန်အိပ်လို့မရ။ အိပ်ဆေးသောက်ပြီး အိပ်ပျော်အောင် ကြိုးစားခဲ့ဖူးသည်။ မထူးခြားပဲ… မျက်လုံးတွေ ကြောင်ခဲ့ရတာ အခါခါ။
ဆောင်းလလယ်ဆိုသောကာလသည် လူသားများအဖို့ အိပ်ရာထဲနွေးထွေးစွာ ကွေးကောင်းနေတဲ့အချိန်ပါ။ ကိုယ်ကတော့ အကြောင်းအရင်းမရှိ အိပ်မက်ဆိုးမမက်ပါပဲ လန့်နိုးလာရမြဲ။ ပြန်အိပ်၍လည်းမရ… စောင်ထဲလည်း မကွေးချင်တာနဲ့ မီးအိမ်လေးကိုဆွဲကာ အိမ်ငယ်လေးအရှေ့ ထွက်လာခဲ့မိသည်။ မီးအိမ်ကိုတော့ မီးမငြိရသေး… ။
ကောင်းကင်ပေါ်က လမင်းကြီးမှာ တစ်လောကလုံးကို အလင်းများဖြန့်ကျက်ပေးနေတာကြောင့် မီးအိမ်ထွန်းဖို့ လိုမယ်မထင်။ သို့သော်… စကိုင်း မီးအိမ်ယူဖို့ လိုအပ်သည်။ ဘာကြောင့်ဆို… ခြံထဲဆင်းပြီး မီးဖိုကာ မီးလှုံချင်တာကြောင့်ပင်။
သည့်အတွက် မီးအိမ်ကိုကိုင်… စောင်ကိုခေါင်းမြီးထိခြုံ၍ အိမ်တော်ရဲ့အနောက်မြောက်ဘက်ရှိ အရွက်များအုပ်စိုင်းလေတဲ့ သရက်ပင်ကြီးအောက်သို့ လာခဲ့လိုက်သည်။ သရက်ပင်ကြီးမှာ လရောက်အောင်တွင် အရောင်တလဲ့လဲ့ဖြင့် ပိုးစုန်းကြူးများရဲ့အလင်းရောင်တို့ကြောင့် ဆောင်းညလေးဟာ အသက်ဝင်လို့နေသည်။