(အခန်း-၁၄)
" မင်းကို သခင်မကြီးခေါ်နေတယ် "
ဒေါ်ကြီးအား အုန်းသီးခြစ်ကူနေရာမှ ထန်ရှိန်ရောက်လာကာ ပြောသဖြင့်... ခြစ်လက်စ အုန်းသီးခြမ်းအား ချထားလိုက်သည်။
" သခင်မကြီးကလား... ဘာလို့လဲတဲ့ "
" မသိဘူး... မင်းကိုခေါ်ခဲ့ပဲ ပြောလိုက်တာ "
" သြော်...အင်းအင်း သွားလိုက်မယ် "
" သွားမယ်ဆို အခုသွားနော်... ဟိုမှာ ဧည့်သည်တွေပါ စောင့်နေတာ "
" ဧည့်သည်တွေပါ ပါတာလား "
" ပါတယ်...၊ ကဲပါ စကားကိုများတယ် မြန်မြန်သာသွားစမ်းပါ "
အမေးအမြန်းထူနေသောစကိုင်းကို ထန်ရှိန်ကနေ အတင်းတွန်းထုတ်နေတာမို့ ဆက်မေးချင်ပေမယ့် တစ်ဖက်မှာ စောင့်နေရတာ အားနာစရာကောင်းသဖြင့် မီးဖိုဆောင်ထဲကနေ ထွက်လာခဲ့ပါသည်။ အိမ်တော်သို့ရောက်တော့... အမှန်တကယ်ပင် ဧည့်သည်တွေနဲ့ စုဝေးနေသည်။ သခင်မကြီးနှင့် သခင်လေးဝဠာတို့က ဧည့်ခံစကားပြောနေ၏။
" ဟော... စကိုင်းတောင် ရောက်လာပြီပဲ၊ လာလာ... ဒီနားလာထိုင်ချည် "
" ဟုတ်ကဲ့... သခင်မကြီး ခေါ်တယ်ဆိုလို့ပါ "
သခင်မကြီးသည် သူမရဲ့ဘေးနားတွင် ထိုင်ခိုင်းစေပြီး... စကိုင်းအား ပြုံးပြနေသည်။ ထိုဧည့်သည်တော်များလည်း ပြုံးလေ၏။ ခန့်မှန်းရသလောက် အိမ်တော်တစ်အိမ်ရဲ့ သခင်၊သခင်မများနဲ့ သူ့သားသမီးများ ဖြစ်ပုံရသည်။ ဘုမသိ ဘမသိနဲ့သာ ပြန်လည်ပြုံးမိပါ၏။
" ဒီမှာပါရှင်... စကိုင်းဆိုတာ သူပါပဲ "
" အမလေး... သားငယ်ရယ် မသေကောင်း မပျောက်ကောင်း အမေတို့မှာဖြင့် သားလေးကိုရှာလိုက်ရတာ နေရာကိုနှံ့လို့ တွေ့မယ့်တွေ့တော့လည်း တကယ့်နီးနီးလေးမှာ... လာပါဦး အမေ့အနားလာပါဦး "
ဒေါ်ဝတ်မှုံရည်တစ်ယောက် သားဖြစ်သူကို တွေ့ရချင်းချင်း... ရင်၌သိမ်းထားသမျှ သတိတရစကားလုံးတွေကို ဖွင့်အန်ချရင်း စကိုင်းအား အနားခေါ်လေသည်။ စကိုင်း ကြောင်နေမိပါသည်။
YOU ARE READING
Любовные романыကောင်းကင်ပြာ အို... ကောင်းကင်ပြာ မတူညီတဲ့ ကာလတစ်ခုကနေ လာရောက်ခဲ့တဲ့အတွက် အချစ်များစွာနဲ့ ကြိုဆိုပါတယ်။ ဧည့်သည်တစ်ယောက်မှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့... ကျွန်ုပ်ရဲ့နှလုံးသားထံပါး၌ နှောင်ကြိုးသွယ်မိသွားတာကြောင့် ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့လားလေ။ ...