မတူညီသောကောင်းကင် The Sky
(အခန်း-၂၃)အမည်မသိတောထဲကို စတင်ဝင်လာကတည်းက စကိုင်းနှင့်ခရာတို့နှစ်ဦးမှာ ကျောမလုံသလို စိတ်ထဲ၌ မသိုးမသန့်ခံစားချက်အချို့ကို နှစ်ယောက်လုံး ခံစားလိုက်ရသည်။ တောကနက်လာလေ ခံစားချက်တွေက ပိုပြီးစိတ်မလုံသလို ခံစားရလေပဲ။ မနက်ပိုင်းဆိုပေမယ့် အကိုင်းချင်းယှတ်ဖြာနေတဲ့ သစ်ပင်ကြီးငယ်တွေကြောင့် နေရောင်ခြည်ကို ကောင်းစွာမမြင်ရပါ။
အလင်းရောင်သည် မျှင်သဲ့သဲ့လေး။ နေရောင်ခြည် မရောက်ရှိနိုင်တာကြောင့် မြေပြင်ရှိ အညိုရောင်သစ်ရွက်ခြောက်တို့သည် နှင်းစွတ်ထား၍ စိုထိုင်းထိုင်းလေးဖြစ်နေသည်။ ခြေလှမ်းလိုက်တိုင်း ခြေဖျားလေးကို လာရောက်ထိတွေ့သော ထိုသစ်ရွက်ခြောက်ထံမှ အစိုဓာတ်တို့သည် ပကတိအေးစက်စက်လေး။
တောထဲမဝင်ခင်က ခြေအစုံသည် ခြောက်သွေ့သွေ့လေး ရှိပါသော်ငြား တောလယ်သို့ရောက်တော့ နှစ်ဖက်စလုံးမှာ ရေစိမ်ထားတဲ့အတိုင်း အကုန်စိုချေပြီ။ စိတ်ညစ်လိုက်ပါဘိ...၊ မထူးတော့ပြီမို့ ညည်းချင်နေတဲ့စိတ်ကို တစ်ခဏဘရိတ်အုတ်ကာ သည်းခံရင်းနဲ့ပဲ စကိုင်းတစ်ယောက် ခရာနဲ့အတူ ဆက်လျှောက်လာခဲ့လေသည်။
ဆယ်မိနစ်ခန့် ကျိုးတော့ စကိုင်းခြေထောက်တွေ မခံနိုင်တော့ပါ။ နှင်းရေစိုစိုဖြင့် လမ်းလျှောက်ရတာကြောင့် ခြေထောက်နှစ်ဖက်စလုံးမှာ နီရဲလာပြီး အေခဲလို့လာသည်။ ဒီတစ်ခါတော့ စကိုင်း...သည်းမခံနိုင်တော့ပဲ ထညည်းမိပါတော့၏။
" အိုး... အေးလိုက်တာ ၊ မရောက်နိုင်သေးဘူးလားကွာ မင်းအောက်လမ်းဆရာဆီကို ဒီမှာ... ငါ့ခြေထောက်တွေ ထုံနေပြီ "
" ရောက်တော့မှာပါသခင်လေး ဈေးထဲကလူတွေ ပြောကြတာတော့ ဟိုရှေ့နားက မအူပင်ကြီးကိုကျော်ရင် ရောက်ပြီတဲ့ "
" ဟွန်း... ဝေးလိုက်တာများနော်၊ အောက်လမ်းဆရာဖြစ်ပြီး သင်္ချိုင်းမှာမနေပဲ ဘာလို့တောနက်ထဲ လာနေရသလဲမသိဘူး စိတ်ညစ်ဖို့ကောင်းလိုက်တာ "
" အောက်လမ်းဆရာပဲသခင်လေးရယ် ဘယ်လိုလုပ်ပြီး သင်္ချိုင်းမှာနေမှာလဲဗျ လူသူမရှိတဲ့ ဒီလိုတောထဲမှာပဲ နေတော့မှာပေါ့ "
YOU ARE READING
Romanceကောင်းကင်ပြာ အို... ကောင်းကင်ပြာ မတူညီတဲ့ ကာလတစ်ခုကနေ လာရောက်ခဲ့တဲ့အတွက် အချစ်များစွာနဲ့ ကြိုဆိုပါတယ်။ ဧည့်သည်တစ်ယောက်မှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့... ကျွန်ုပ်ရဲ့နှလုံးသားထံပါး၌ နှောင်ကြိုးသွယ်မိသွားတာကြောင့် ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့လားလေ။ ...