"ဂင်မ်ဂယူဘင်း!!"
ဂယူဘင်းမှာ အသံကြားသည်နှင့် ကိုယ်လေးပါ တုန်သွားရသည်။ ဘူဆန်မှာရှိနေတာ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး ဘယ်တုန်းက....
လက်ထဲက ဆေးလိပ်ကို ပစ်ချကာ ခြေထောက်ဖြင့်နင်းခြေလိုက်ပြီး အနောက်သို့လှည့်ကြည့်ရင်း မျက်နှာထားမာမာနှင့် ထိုသူအား ပြုံးပြမိသည်။
"တော်တော် ပျော်နေတယ်ပေါ့ ဟုတ်လား ဟမ်?!"
"မဟုတ်..."
"တက် ကားပေါ်၊ အခုချက်ချင်း"
ဂယူဘင်းလက်ကို ဆွဲကာ ကားထဲအတင်းထိုးထည့်ပြီး ထိုသူကတော့ တခြားတစ်ဖက်မှ ဝင်ကာ Driver Seat ၌ နေရာတကျထိုင်သည်။
"ဟျောင်း!!"
"ဘူဆန်က အလုပ်ကိစ္စက အရေးကြီးလို့ တစ်လလောက်ပစ်ထားမိတာနဲ့ ဒီလို ပေါက်ကရတွေ လုပ်နေတာပဲ, သတ္တိသိပ်ကောင်းနေတယ်ပေါ့လေ"
"မဟုတ်..."
"ရှင်းပြစရာ ကျန်သေးလို့လား? မျက်စိနဲ့ သေချာမြင်ပြီးတာတောင်လေ"
ဂယူဘင်းမှာ ဘာပြောပြောမရမဲ့ အတူတူ သက်ပြင်းသာချမိတော့သည်။ တကယ်ပဲ ဒေါသထွက်လာရင် ဘာမှနားမထောင်တဲ့ အကျင့်ကို ဘယ်လိုလုပ်ရမလဲ?
"တောင်းပန်ပါတယ်၊ ကျွန်တော် ဆေးလိပ်မသောက်သင့်တာကို၊ နောက်မလုပ်တော့ပါဘူး"
ဟျောင်းက သူ၏ တောင်းပန်စကားကို လျစ်လျူရှုကာ ဘာစကားတစ်ခွန်းမှ ပြန်ပြောမလာ၊ မျက်နှာချောချောကိုသာ အရေးအကြောင်းတွေ ဖြစ်အောင် ရှုံ့မဲ့ထားသည်။
ဒီလိုဆိုတော့လည်း ဂယူဘင်း ဘာပြောလို့ရမှာလဲ၊ ပါးစပ်ကလေးပိတ်ကာသာ ကားပေါ်ကနေ လိုက်လာရတော့သည်။
"ဆင်း"
အတွေးများနေရင်း ရောက်တဲ့နေရာကို ကြည့်တော့ ဟျောင်းရဲ့အိမ်၊ သေချာပေါက် မေမေနဲ့ ဖေဖေက ဟျောင်းလက်ထဲ ဂွပ်ဆိုပြီး အပ်ထားလိုက်ပြီထင်ပါတယ်, ဂယူဘင်းဖြင့် ငိုချင်တော့တာပဲ၊ ပေးထားတဲ့ လွတ်လပ်မှုကို အလွဲသုံးစားလုပ်မိတော့ အချုပ်ကျတော့မဲ့ပုံပါပဲ...
"ဟျောင်း အိမ်ကြီးလေ"
ရလိုရငြား အရဲစွန့်ရင်း ပြောကြည့်တော့ ဟျောင်းက သူ့ကို ခပ်စူးစူး ကြည့်လာသည်။