ဟန်မားမားအသံက မနက်ခင်းနှိုးစက်နဲ့အလားသဏ္ဍာန်တူပြီးအိမ်အပေါ်ထပ်မှာရှိတဲ့ ထောင့်ဆုံးအခန်းထဲက ဂျူနီယာအထက်တန်းတက်တော့မယ့် မိသားစုရဲ့အကြီးဆုံးလေးကို လှုံ့ဆော်လိုက်တယ်။ ဒုတိယအဆင့်ကတော့ အခန်းထဲဝင်၊စောင်ကိုဆွဲချ၊ကန့်လန့်ကာကိုဆွဲဖွင့်ပစ်မှာဖြစ်ပြီး ပထမအဆင့်နဲ့တင် အသိဝင်လာဖို့ မျှော်လင့်ထားရင်း လှေကားဆီခြေလှမ်းတယ်။
မနက်၇နာရီဆိုတာ လောကကြီးတစ်ခွင်ကို နေ့အလင်းရောင်အပြည့် လင်းထင်းဖြန့်ကြက်လာစေဖို့အတွက် လုံလောက်တဲ့အချိန်ဖြစ်တယ်။ အခန်းမှန်ပြတင်းက မျက်နှာကြတ်ကနေ ကြမ်းပြင်အထိရှိနေပြီး အပြင်ဘက်ရှုခင်းတွေကို ကြည့်ဖို့လုံလောက်တဲ့ ရှုထောင့်ရှိတယ်။ ဒါကြောင့်ပဲ ယူဂျင်းက ဒီအခန်းကို သူများထက်အရင် မောင်ပိုင်စီးခဲ့တာ။
ကန့်လန့်ကာအကြီးကြီးက အပြင်ဘက်နဲ့အခန်းတွင်းအလင်းရောင်ရရှိမှုကို ခွဲခြားထားတယ်။ အမှောင်ထဲမှာ တောက်လက်တဲ့မျက်လုံးအစုံကပွင့်လာတယ်။
အပေါ်ထပ်ကိုတက်လာပြီး ကြမ်းခင်းကို နင်းလျှောက်လာတဲ့ ဟန်မားမားရဲ့ခြေသံက လုံတယ်။
" ချန်ချန်...ထသင့်ပြီနော် သား "
ယူဂျင်းကိုယ်က ဆတ်ခနဲတုန်သွားပြီး အသိဝင်လာတယ်။ ခုနက သူဘာကိုမြင်လိုက်တာလဲ။
သူက သူ့ရဲ့ကောင်းလှစွာသော မှန်ပြတင်းကျယ်ကြီးရှိတဲ့ အိပ်ခန်းအတွင်းမှာ မကြာခင်ကမှ နိုးထလာကြောင်း အနှစ်နှစ်အလလမရှင်းထားတဲ့ ကြွက်သိုက်လို အသိုက်အမြုံ အခန်းလေးက သက်သေပြနေတယ်။ သူ့ပါးစပ်ထဲက ခါးသက်သက်အရသာကိုတောင် ရနေသေးတယ်။ ပါးစပ်ကိုဟပြီး တစ်စုံတစ်ယောက်ကို အနံ့ခံခိုင်းရင် အာပုပ်နံ့ကြောင့် မူးဝေသွားနိုင်တယ်။
သူ့ရင်ဘတ်တွေက အသက်ပြင်းပြင်းရှူနေမှုကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး ကြောက်ရွံ့ခြင်းကြောင့် ကြက်သီးထတဲ့ခံစားမှုဟာ သူ့လည်ဂုတ်တစ်လျှောက်ကနေစပြီး ကျောပြင်ဆီလွှမ်းခြုံထားတယ်။ နားသယ်စပ်မှ ချွေးတစ်စက်က ဖွံ့ဖြိုးကာစ မေးရိုးလမ်းကြောင်းကိုဖြတ်ပြီး စီးကျသွားတယ်။