အပိုင်း - ၁၆၆ ( ကိုယ်တိုင်ငင်သော ကြမ္မာဆိုး )( လွတ်လမ်းမရှိခဲ့ပါချေ )
"အဘွားကို အပြင်ထွက်လာခိုင်းရမလား "
ဟိုင်ဟွားနျဲန် မေးလာ၏။
ဝမ်းလျိုနျဲန် ခေါင်းခါလိုက်သည်။ အဘွားရှီ၏ပုံစံအရ တစ်ခုခုကို သိနေမှန်း သိသာထင်ရှားလှသော်ငြား ဖိအားတစ်ခုခုကြောင့် မပြောပြဝံ့နေခြင်းမျိုးဖြစ်ရာ အတင်းအကျပ် ညှစ်မေးပေး၍တော့ မရ။
မုန့်များလည်း ကျက်ချေပြီ။ အဘွားရှီ၏လက်များမှာ တုန်ယင်နေလို့။ ထို့ကြောင့် အိုးအဖုံးကို ဖွင့်လိုက်သောအခါ လက်ကိုပါ လောင်မိစေတော့မတတ် ဖြစ်သွား၏။
"သတိထား၊ အဘွား"
ဝမ်းလျိုနျဲန်မှ သူ့အား လှမ်းတားထားလိုက်၏။
"အမတ်မင်းဝမ်း?"
အဘွားရှီမှာ ကြောက်ရွံ့သထက် ကြောက်ရွံ့နေလို့။
"ကျွန်မ တကယ် ဘာမှမသိပါဘူးရှင်"
"မသိဘူးဆိုလည်း မသိဘူးပေါ့ဗျာ။ ကျွန်တော် ဆက်မမေးတော့ပါဘူးနော့"
ဝမ်းလျိုနျဲန် ပြုံးလိုက်ကာ မုန့်များအား ပေါင်းအိုးထဲမှ ကူထုတ်ပေးလိုက်သည်။ ထိုမုန့်များမှာ အငွေ့တထောင်းထောင်းထနေရာ ဝမ်းလျိုနျဲန်လည်း သတိထားပြီး တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ ပျားရည်၏ အနံ့အရသာမှာ ခံတွင်းထဲ ချိုမြိန်မွှေးပျံ့သွားလို့။
"အမတ်မင်း၊ ဖြည်းဖြည်းစားပါရှင်"
အဘွားရှီမှာ စိုးရိမ်နေဟန်ရလို့။ ကောက်ညှင်းမုန့်အချိုရော လွန်စွာပူလောင်နေရာ အိုးထဲမှ ပူပူနွေးနွေး ပေါင်းပြီးခါစ မုန့်အား ချက်ချင်းယူစားသည့်လူမျိုး သူမ မတွေ့ဖူးပါချေ ။
"အရသာရှိလိုက်တာ။ တာ့ခွန်းမှာရောင်းနေတဲ့ဟာတွေနဲ့ လုံးဝ မတူဘူး"
ဝမ်းလျိုနျဲန်မှ ချီးမွမ်းလာ၏။
အဘွားရှီမှ ဆို၏။
"ကျွန်မရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ ချက်ထားတာပါ။ ကြက်ဥရော ပဲနီအနှစ်ရော ထပ်ထည့်ထားတယ်လေ။ အပြင်မှာ ဒါမျိုး ရှာဝယ်လို့မရနိုင်ဘူး"