အဲဒီအချိန်တုန်းကတော့ ၉နှစ်အရွယ်ဆောင်းဟွန်းအတွက် အလိုချင်ဆုံးအရာကိုပြောပါလို့မေးလာခဲ့ရင် သူ့ထက်အငယ်လေးတစ်ယောက်လို့ပဲ ဖြေမိလိမ့်မယ်။ ညီမလေးပဲဖြစ်စေ ညီလေးပဲဖြစ်စေ သူ့အတွက် ကစားဖော်တစ်ယောက်ရှိလာရင်ကိုအဆင်ပြေပြီလို့ တွေးခဲ့ဖူးသည်။ သို့သော် ဆောင်းဟွန်းကို မွေးပြီးပြီးချင်း ဆုံးပါးသွားတဲ့အမေ့ကြောင့် ဘယ်လောက်ပဲ အငယ်လေးတစ်ယောက် လိုချင်နေပါစေ အဖေ့ရှေ့မှာတော့ သူ တစ်စက်လေးမှ မဟရဲခဲ့ချေ။
ဒီလိုနဲ့တစ်နေ့မှာတော့ အိမ်ပေါ်ကို အဖေက အမျိုးသမီးတစ်ဦးနဲ့ကလေးလေးတစ်ယောက်ကို ခေါ်ချလာသည်။ ဆောင်းဟွန်းက မျက်မှောင်ကြုတ်လျက် အဖေကိုတစ်လှည့် မျက်နှာစိမ်းသားအမိကိုတစ်လှည့် ကြည့်လိုက်မိသည်။ အဖေဟာ ခပ်ပြုံးပြုံးပဲ ' မင်းမေမေလေးနဲ့ညီလေးကို နှုတ်ဆက်လိုက်ပါအုန်း 'ဟု ဆိုလာခဲ့သည်။
အမျိုးသမီးကြီးကိုတော့ တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး အနောက်က ကလေးလေးဆီကို အကြည့်ပို့လိုက်မိသည်။ ကလေးလေးဟာ မျက်လုံးဝိုင်းဝိုင်းတွေနဲ့ သူ့ကိုစိုက်ကြည့်နေပြီး လက်ဖောင်းဖောင်းလေးတွေကတော့ ဝက်ဝံရုပ်ကလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
" ဂျုံဆောင်းလေး၊ မင်းရဲ့ဟျောင်းကို နှုတ်ဆက်လိုက်ပါအုန်း "
" ဟျောင်း....ဟျောင်း "
သူ့ကိုနှုတ်ဆက်လာတဲ့ဂျုံဆောင်းရဲ့ မျက်လုံးဝိုင်းဝိုင်းတွေဟာ ခုနကလောက် မငြိမ်သက်တော့။ မျက်လုံးတွေက ဂယောက်ဂယက်ဖြင့် ဟိုဒီလျှောက်ကြည့်နေပြီး သူ့ကို မျက်လုံးချင်းမဆုံတော့။ လက်တွေကလည်း အငြိမ်မနေပဲ လှုပ်ယမ်းနေပြန်သည်။
" ဂျုံဆောင်းလေးက အသက်ဘယ်နှနှစ်ရှိပြီလဲ "ဟု ဆောင်းဟွန်းက မေးခွန်းထုတ်လာချိန်အထိ အကြည့်မခံသေး။
" ၆နှစ်...၆နှစ် "
" ဆောင်းဟွန်းဟျောင်းလို့ခေါ်ကြည့်ပါအုန်း "
" ဆောင်းဟွန်း... "
" ဟေ့ ပိစိကွေး၊ ငါကမင်းထက်အသက်ကြီးတယ်နော်၊ ဟျောင်းထည့်ခေါ် "