မနက်ဖြန် မျက်သွယ်ဦး မန္တလေးကို ပြန်ရမည့်နေ့ဖြစ်သည်။ ဒါကြောင့် ယခု ညဘက်၌ပင် သိမ်းဆည်းစရာရှိတာများကို လက်ပံနှင့်အတူ သိမ်းဆည်းနေခြင်းဖြစ်သည်။ ဟန်ဆောင်ကောင်းတဲ့ ချစ်ရသူ တောပန်းကတော့ ဘာမှ မဖြစ်သည့်အလား အဝတ်အိတ်ကို ထုတ်ပိုးပေးနေသည်။" Dr စာအုပ်တွေကိုက ဒီကတ်ထူပုံးထဲ ထည့်မှာလား"
တောပန်း၏စကားသံကြားမှ တွေးနေတဲ့ အတွေးစကို ဖျောက်ပြီး စာအုပ်တွေ သိမ်းဖို့ ပြင်လိုက်သည်။
" ဟုတ်တယ်တောပန်း အဲ့ထဲထည့်မှာ ကိုယ်ထည့်လိုက်မယ်"
နှစ်ဦးသား လိုအပ်တာထပ် ပိုမပြောဖြစ်ဘဲ ပစ္စည်းများသာ သိမ်းနေမိတော့သည်။ အညာရဲ့ ပူပြင်းမှုက ပြင်းထန်လှသော်လည်း ချစ်သူနှစ်ဦးသား ရင်ထဲက အပူလောက်တော့ ပြင်းထန်မည်မထင်။ အလည်ပတ်မှ ပြန်လာကတည်းက တောပန်းသည် သိသိသာသာကြီးကို ငြိမ်ကျသွားသည်။ ညဘက်အိပ်တော့လည်း မိမိရင်ခွင်ထဲ တိုးဝင်၍ အတင်းသာ ဖက်အိပ်နေပေမယ့် အရင်လို တီတီတာတာ စကားလေးများ မရှိတော့ပါ။
"ချစ်ရတဲ့ တောပန်းရယ် ကိုယ်ဘယ်လိုဖြေသိမ့်ပေးရပါ့မလဲကွာ....."
ဒီအတောအတွင်း မုံရွာတစ်ခွင် ပတ်လည်နေသဖြင့် နှစ်ယောက်လုံးအသားအရည်မှာ နေလောင်ဒဏ် အတော်ခံလိုက်ရသည်။ အနီးကပ် ကြည့်မိမှ သိရသည်။ လက်ပံရဲ့ မျက်နှာ ပါးမို့မို့လေးမှာ နေလောင်ဒဏ်ကြောင့် ရဲနေရှာသည်။ မျက်သွယ်ဦး နှုတ်ခမ်းလေးများဖြင့် ပါးမို့မို့လေးကို အနမ်းခြွေလိုက်သည်။
" အလို........ စိုစွတ်နေပါရောလား"
ဘာမှ မဖြစ်ချင်ယောင်ဆောင်ထားသော မိမိချစ်သူလေးမှာ ရင်ခွင်ထဲတိုးဝင်ပြီး တိတ်တိတ်လေး ငိုကြွေးရင်း အိပ်ပျော်သွားခြင်းဖြစ်သည်။ စိတ်ရှိအတိုင်းသာဆို မန္တလေးကို မပြန်ချင်တော့သလို ပြန်ရင်လည်း အပြီးတိုင်ခေါ်သွားချင်သည်အထိပင် ဖြစ်သည်။ သို့သော် နှစ်ယောက်လုံး ရှေ့ရေးက ရှိသေးသည် မဟုတ်ပါလား။ မိုးညတွေရဲ့ စိုစွတ်မှုက ချစ်သူနှစ်ဦးပါ ရိုက်ခတ်နေသည့်အလား မျက်သွယ်ဦးပါ တိတ်တိတ်လေး မျက်ရည်ကျမိသည်။
VOCÊ ESTÁ LENDO
The Last One (Zawgyi + Unicode)
Ficção Geralကိုယ်ဟာ မင်းရဲ့ ပထမဆုံး မဟုတ်ခဲ့ပေမယ့် မင်းရဲ့နောက်ဆုံးလူ အဖြစ် ပျော်ပျော်ကြီး ဖြစ်ပါရစေ တောပန်းရယ်