ရုပ်ရှင်

1.2K 4 0
                                    

အဲ့နေ့က ငါနဲ့ ငါ့စော် Barbie သွားကြည့်ကြတယ်
လူတွေကတော့ ကြိတ်ကြိတ်တိုးပါပဲ
အတွဲခုံမှာ ထိုင်နေတဲ့အချိန် စော်က ငါ့လက်မောင်းကို လာမှီထားတာပေါ့
ကြော်ငြာတွေက ပိတ်သားပေါ်မှာ တစ်ခုချင်းလာနေတယ်

အဲ့အချိန်မှာ ရုပ်ရှင်ရုံခုံ လက်တန်းထဲက ကြမ်းပိုးတစ်ကောင် တရွရွနဲ့ ငါ့လက်ပေါ် တက်လာတယ်

အဲ့ကြမ်းပိုးက ပန်းရောင်ဝတ်စုံဝတ်ထားတဲ့ ငါ့စော်ကိုကြည့်ပြီး Hi Barbie လို့ နှုတ်ဆက်တယ်
ငါ့စော်ကလဲ အဲ့ကြမ်းပိုးကို အလိုက်သင့် ပြန်ပြုံးပြနေတာပေါ့
ပြီးတော့ ကြမ်းပိုးကောင်က တရွေ့ရွေ့နဲ့ လက်တန်းဘေးက Cola ခွက်ထဲ ဝင်ဖို့ကြိုးစားနေတယ်

အဲ့ခွက်ထဲ မဝင်ဖို့ ငါ သတိပေးချင်တယ်
Cola ခွက်ထဲမှာ ပူပူနွေးနွေး ယမ်းငွေ့တွေထနေတဲ့ ကျည်ဆံအခွံတွေ ရှိနေတယ်
ငါမနေ့ညက သတင်းမှာတွေ့လိုက်ရတဲ့ ထမင်းစားရဖို့ တန်းစီနေတဲ့ စစ်ဘေး ဒုက္ခသည်တွေ ရှိတယ်
မီးပွိုင့်မိလို့ ကားရပ်တိုင်း ငါ့ကားမှန်ကို မျက်နှာနဲ့ကပ်ပြီး အထဲကို ပြူးပြဲကြည့်နေကြတဲ့ ကလေးတွေ ရှိတယ်
ငါ သတိပေးချိန်တောင် မရလိုက်ခင် ကြမ်းပိုးက cola ခွက်ထဲ ပြုတ်ကျသွားတယ်

ရုတ်တရက် နိုင်ငံတော် အလံဟာ ပိတ်သားထက်မှာ ပေါ်လာတယ်
ရုံထဲက လူတွေ အကုန်လုံး မတ်တပ်ထရပ်ကုန် ကြတယ်
ပိတ်သားပြင်က အလင်းဖျော့ အောက်မှာ လူတွေက ပန်းရောင်ကိုယ်စီနဲ့ပေါ့

နိုင်ငံတော်သီချင်းသံ အောက်မှာ လူတွေအားလုံးရဲ့ အသံ တိတ်ဆိတ်နေတဲ့အချိန်

Cola ခွက်ထဲက ကြမ်းပိုးက ထလာပြီး နိုင်ငံတော်သီချင်းကို အသားကုန် အော်ဆိုတယ်

"တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ
ဒို့ပြည် ဒို့မြေ "

ကြမ်းပိုးကြီးရဲ့ အသံက အက်ကွဲ စူးရှနေတယ်
သူ့ မျက်နှာမှာတော့ မျက်ရည်တွေလား Cola တွေလား စိုရွှဲလို့

ကျနော်ရေးဖြစ်တဲ့ အကြောင်းအရာတွေWhere stories live. Discover now