ဆောင်းဟွန်းက သိပ်ကိုခေါင်းမာတဲ့သူတစ်ယောက်ပဲ။
ပြီးတော့ စိတ်ရှုပ်တဲ့ဒဏ်ကိုမခံနိုင်တော့တဲ့သူ။
သူ့ကို စိတ်ရှုပ်စေတဲ့အရာမှန်သမျှကနေ ထွက်ပြေးပြီး တသီးတသန့်ဆန်တဲ့နေရာမှာ ခပ်အေးအေးပဲနေတတ်တဲ့အကျင့်မျိုး ဆောင်းဟွန်းမှာရှိတယ်။
ပြီးတော့ အခြားသူတွေနဲ့တူတဲ့ ရိုးရိုးရှင်းရှင်းအိပ်မက်လေးတစ်ခုလည်း ဆောင်းဟွန်းမှာရှိတယ်။
ဆောင်းဟွန်းအလုပ်က ဓာတ်ပုံရိုက်တာလေ။
တစ်နည်းအားဖြင့် လူတွေရဲ့ တစ်သက်တာမမေ့နိုင်မယ့်အမှတ်တရတွေကို မှတ်တမ်းတင်ထားတာမျိုးပေါ့။
ဆောင်းဟွန်းအနေနဲ့ ဓာတ်ပုံဆရာသက်တမ်းတလျှောက်မှာ မြင်ကွင်းမျိုးစုံကိုမြင်ခဲ့ဖူးတယ်။အထူးသဖြင့် မင်္ဂလာလက်ထပ်ပွဲတွေ။
မတူညီတဲ့လူနှစ်ဦးရဲ့ဘဝတွေက ပွဲတစ်ပွဲအပြီးမှာ တစ်သားတည်းဖြစ်သွားတာမျိုး။ဆောင်းဟွန်းအနေနဲ့လည်း တစ်နေ့နေ့တစ်ချိန်ချိန်ကျ လက်ထပ်ဖြစ်မှာကို ကြိုပြီးစိတ်ကူးယဥ်ဖြစ်တယ်။
ချစ်ရတဲ့မိန်းကလေးက အဖြူရောင်ဝတ်စုံနဲ့ အလှကြီးလှနေပြီး ဆောင်းဟွန်းကိုယ်တိုင်ကလည်း ကြည်နူးစိတ်အပြည့်နဲ့ရပ်ကြည့်နေဖြစ်လောက်တယ်။ဆောင်းဟွန်းရဲ့အိပ်မက်က ရိုးရှင်းခဲ့ပါတယ်။
ဂျေးကိုမတွေ့ခင်အထိ။🖇
ဆောင်းဟွန်းသိတဲ့ ဂျေးကဟန်မဆောင်တတ်ဘူး။
ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း ခံစားချက်အစုံက ဂျေးမျက်နှာမှာ ပကတိအတိုင်းကိုပေါ်တယ်။
ဂျေးရဲ့ခံစားချက်တွေက ခန့်မှန်းရလွယ်ပေမယ့် နားလည်ဖို့တော့ခက်တယ်။
ဒါပေမယ့် ဆောင်းဟွန်းအတွက်က အဲဒီအချက်ကပဲ ဂျေးနဲ့ပိုရင်းနှီးလွယ်ခဲ့တာပဲဖြစ်မယ်။အဲဒီနေ့က ဆောင်းဟွန်းအာရုံအပြည့်စိုက်မိတာက သတို့သမီးဆီမှာ။
သတို့သားရဲ့လက်ကိုချိတ်ထားပြီး ကျန်တဲ့တစ်ဖက်ကBaby's breathပန်းစည်းကိုကိုင်ထားတဲ့ သတို့သမီးက အလွတ်လပ်ဆုံးရယ်မောနေတယ်။
အဲဒီမြင်ကွင်းကို အမိအရမှတ်တမ်းတင်ရမှာက ဆောင်းဟွန်းရဲ့အလုပ်ပဲ။