Unicode
.
.
ရှောင်ကျစ်ကောက လီဟိုင်ယွင်အား အကဲခတ်နေချိန်တွင် လီဟိုင်ယွင်သည်လည်းပဲ ရှောင်ကျစ်ကောအား အလားတူ တိတ်တဆိတ် ကြည့်နေလေသည်။ သူ၏ အသွင်အပြင်နှင့် အပြုအမူသည် မည်သို့ပင်ဖြစ်နေပါစေ မြောက်ပိုင်းစစ်ဘုရင်မှာ စစ်သူကြီးတစ်ယောက်၏ ဂုဏ်သရေရှိပေ၏။ တစ်ချက်ကြည့်လိုက်သည်နှင့် ထိုသူသည် စိတ်ခံစားချက် ဆိုးရွားနေသည်ဟူ၍ ပြောနိုင်ပေသည်။လီဟိုင်ယွင်သည် လက်သီးကို တင်းတင်းဆုပ်ထားလျက် အန်းချန်ချင်းဆီသို့ လှမ်းကြည့်လိုက်၏။ သို့သော် ရှောင်ကျစ်ကောဘေးတွင် ထိုင်နေသော အန်းချန်ချင်းသည် သူ့ဆီ၌ အာရုံပင် မရှိပေ။
လီဟိုင်ယွင်၏နှလုံးသားသည် လေးလံသွားခဲ့တော့သည်။ သူ၏အတွေးများသည်လည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ရလေသည်။
ချန်ချင်းက ငါ့ကို အပြစ်တင်နေတာများလား။ ရေကန်နားမှာ ကဗျာတွေအကြောင်း ဆွေးနွေးခဲ့ကြတုန်းကဆိုရင် ချန်ချင်းရဲ့မျက်လုံးတွေက ငါ့ကို အမြဲတမ်း စိုက်ကြည့်နေခဲ့တယ်ဆိုတာ သိသာနေတာပဲလေ...။
"ချန်ချင်း..."
လီဟိုင်ယွင်သည် သူ၏နှလုံးခုန်သံကို ခံစားမိလိုက်ရပြီး သူ့အသံကို သူကိုယ်တိုင်ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလေသည်။
အန်းချန်ချင်းက ခေါင်းညိတ်ပြလိုက်ကာ တည်ငြိမ်စွာဖြင့်ပင် လီဟိုင်ယွင်အား ရှောင်ကျစ်ကောနှင့် မိတ်ဆက်ပေးလိုက်သည်။
"ဝမ်ရယ် သူက ချန်ယန်စီရင်စုရဲ့တရားသူကြီးဖြစ်တဲ့ လီရူချီရဲ့သား သခင်မလီရဲ့ တူလေ"
ရှောင်ကျစ်ကောက မည်သည့်အမူအရာမှ ပြောင်းလဲခြင်းမရှိဘဲ တုန့်ပြန်လိုက်၏။ သူက မေးလိုက်သည်။
"နျော့နျော့က သခင်လေးလီနဲ့ အတော်လေး ရင်းနှီးတယ်လို့ ကိုယ် ကြားထားပြီးသားပါ"
သူ၏လေသံသည် တင်းမာနေခြင်းမရှိသော်လည်း သူ၏နက်မှောင်နေသော မျက်နှာထားကြောင့် သူတို့ရှေ့၌ရှိနေသောလူနှစ်ယောက်အား ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။
အန်းချန်ယုသည် ခေါင်းငုံ့ထားလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်သည် တိတ်တဆိတ် ကွေးတက်သွားခဲ့သည်။ လီဟိုင်ယွင်တစ်ယောက်မှာသာ စိုးရိမ်တကြီးဖြင့် ရှင်းပြရန် ကြိုးစားလိုက်၏။
YOU ARE READING
အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)
Historical FictionBL/ Myanmar Translation