ဒေဝစင်္ကြာတိုင်းပြည်သို့ ခရီးနှင်လာသော အလင်္ကါရူပတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသမီးလေး မဏိရူပဝတီမှာလည်း တဖြည်းဖြည်းနဲ့ ဒေဝစင်္ကြာတိုင်းပြည်ရဲ့နယ်စွန်နယ်ဖျားသို့နီးကပ်လာလေသည်။ ဝတီလည်း မိမိရဲ့ စီးတော်မြင်းဖြူကြီးဖြစ်တဲ့ ငွေတောင်ပံ နဲ့အတူ ဒေဝစင်္ကြာတိုင်းပြည်နဲ့ မနီးမဝေးတွင်ရှိသော တောင်ထိပ်ပေါ်သို့ရောက်ရှိလို့လာခဲ့သည်။ ထိုတောင်ထိပ်ပေါ်ကနေကြည့်လျှင် ဒေဝစင်္ကြာတိုင်းပြည်ကိုလှမ်းမြင်နေရသည်။
"ဒေဝစင်္ကြာတိုင်းပြည်ကိုရောက်ဖို့တောင်သိပ်မလိုတော့ဘူး။ ကြားထဲမှာ ရွာတစ်ရွာနဲ့ တောအုပ်တစ်ခုကိုဖြတ်ရအုံးမယ်။ မနက်ဖြန်တော့ ရောက်ကောင်းပါရဲ့"
ဝတီလည်းထိုကဲ့သို့ရေရွတ်လိုက်ပြီး မြင်းရဲ့ဇာတ်ကိုလှည့်လိုက်ကာ ထိုနေရာမှထွက်လာခဲ့တော့၏။
တောအုပ်ထဲသို့ရောက်သောအခါ တစ်နေရာအရောက်တွင် လူသံသူသံများကိုကြားရတဲ့အတွက်ကြောင့် အံ့သြသွားလေသည်။ ဟင်။ လူသံတွေကြားနေရပါ့လား။ ဘာဖြစ်တာပါလိမ့်။ တောပုန်းဓားပြတွေဖြစ်နေမှဟုတ်ပေဖြစ်အုံးမယ်။ ဝတီလည်း မကြောက်မလန့်နဲ့ တုံ့ဆိုင်းမနေဘဲ ထိုလူသံများကြားတဲ့နေရာသို့ အပြေးကလေးနှင်ခဲ့လေသည်။
ဟော။ တွေ့ပါပြီ။ ရှေ့မှာ။ ဟုတ်တာပေါ့။ တောပုန်းဓားပြတွေဘဲ။ ကုန်သည်တွေရဲ့လှည်း တွေကိုဓားပြတိုက်နေကြတာဘဲ။ ကုန်သည်များက ဓားပြခေါင်းဆောင်ဟုထင်ရသောလူတစ်ယောက်ကို ဒူးထောက်ကာငိုယိုတောင်းပန်နေကြလေသည်။ ဝတီလည်း တုံ့ဆိုင်းမနေဘဲ မြင်းခါးစောင်းမှာတင်ထားတဲ့ လေးနဲ့မြှားကိုထုတ်ပြီး မြင်းပေါ်ကနေပင် ဓားပြများထံသို့ မြှားဖြင့်တစ်ချောင်းပြီးတစ်ချောင်းပစ်လိုက်လေ၏။
ဓားပြများလည်း အလစ်အငိုက်မိသွားသဖြင့် ဘာမှလုပ်ချိန်မရလိုက်ဘဲ အတုံးအရုံးလဲကုန်ကျ၏။ ဓားပြခေါင်းဆောင်မှာလည်း ကြောင်တောင် တောင်ဖြစ်သွားပြီး မြှားတံများလာရာလမ်းကြောင်းသို့ကြည့်လိုက်ရာ မြင်းဖြူကြီးတစ်ကောင်ပေါ်မှ ချောမောလှပသော ယောင်္ကျားလေးပုံစံဝတ်စားထားသောမိန်းမပျိုလေးတစ်ယောက်ကိုတွေ့ရလေသည်။ ထိုမိန်းမပျိုလေးရဲ့လက်ထဲမှာ လေးနဲ့မြှားကိုကိုင်ဆောင်ထားပြီး မြှားတံများကလည်း တဝှီဝှီနဲ့ ဓားပြများကိုတစ်ယောက်ပြီးတစ်ယောက်လှဲသိပ်နေ၏။ ဓားပြခေါင်းဆောင်လည်း ကြောင်အမ်းအမ်းဖြင့်ကြည့်နေစဥ် သူ့ရဲ့ဘယ်ဘက်ရင်ခုံသို့ မြှားတစ်စင်းကစိုက်ဝင်ပြီး တုံးခနဲလဲကျသွားလေသည်။
YOU ARE READING
ဒေဝီသခင်မ
Ficção Históricaလူတစ်ယောက်ရဲ့ အတိတ်နဲ့လာမယ့်တစ်နှစ်တာအတွင်းဖြစ်ပေါ်လာမယ့် အနာဂတ် သို့မဟုတ် ယခုလက်ရှိပစ္စုပ္ပန်ကာလကိုကြိုတင်သိမြင်နိုင်စွမ်းရှိသော၊ စစ်ပွဲများ၏ အနိုင်အရှုံးကိုကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းရှိသော နတ်ဆရာမလေး နန်းဒေဝီနွယ်။ ရဲစွမ်းသတ္တိသာမက လက်ရုံးရည်၊နှ...