အလျှင်အမြန်မောင်းနေတဲ့ကားလေးရဲ့ အင်ဂျင်အပူနှုန်းက ကားမောင်းသူဦးသူရိန်ရဲ့
ရင်ထဲက အပူလောက်တော့ ဘယ်ပူပါ့မလဲ။
သားအပူ ပူရတဲ့အပြင် သူ့ရဲ့ချစ်ရတဲ့သူက သူ့နောက်ကျော ဓားနဲ့ထိုးတယ်ဆိုတဲ့ သွေးထိုးစကားတွေကလည်း သူ့ရင်ထဲက အပူမီးကို ပိုပြီးပူလောင်စေခဲ့တယ်။ရောက်ပါပြီ သူ့ချစ်ရသူ နေထိုင်တဲ့လမ်း။
ဦးသူရိန်ချက်ချင်းပဲ ကားကိုလမ်းထိပ်မှာရပ်ကာ သူရဲ့ချစ်ရသူရှိတဲ့ နေအိမ်အသေးလေးသို့ အလျှင်အမြန်ပဲ သွားရောက်လိုက်တယ်။"သုတ!!! သုတ!!!"
အိမ်ထဲမရောက်ခင်ထဲက တကြော်ကြော်အော်ခေါ်နေမိတယ်။ သူ့လိုလူကြီးလူကောင်းတစ်ယောက်အတွက် ခုလိုအော်ကြီးဟစ်ကျယ်အော်နေပုံက သူ့ရဲ့ပုံရိပ်ကျဆင်းနိုင်ပေမယ့် သူဂရုမစိုက်နိုင်တော့ဘူး။
"ဟယ် ကိုသူရိန်! လာလာ"
"ဟာ ကိုသူရိန် လာဗျာ!"
"အကိုနဲ့ အမ သုတ အခုအိမ်မှာရှိလား။"
"မရှိဘူးကွ အဲ့ကောင် ကောင်လေးတစ်ယောက်ကိုခိုးပြေးသွားလို့လေ"
"ဟုတ်ပရှင် မနေ့ညကပဲ သမီးလေးက
တို့ဆေးမိလို့ ညဘက်ကြမှ ပြန်လာပြီး
ဖုန်းလည်းပါသွားလို့ စိတ်ပူရတဲ့အပြင် သူကပါ သူ့ကောင်လေးကိုခိုးပြေးသွားတယ်တဲ့လေ။"သူရိန်သူ့နားသူမယုံနိုင်ပါ။ သူတန်ဖိုးထားခဲ့ရတဲ့ သုတဆိုတဲ့ကလေးက ခုလိုမျိုးသူ့ကိုလုပ်မှာမဟုတ်ကြောင်းသူယုံကြည်သည်။
"အမတို့သေချာလို့လား။"
"သေချာတယ် သူကိုယ်တိုင် သူ့ဖုန်းကနေ စာပို့တာ ကျွန်မတို့ကမယုံလို့ သူ့ကိုတောင်ဖုန်းပြန်ဆက်သေးတယ်။ သူကဖုန်းမကိုင်ဘူး။
ခုလဲ ဟိုဘက်ကကလေးရဲ့အဖေက သူ့သားကိုခိုးသွားတဲ့အကြောင်းဖုန်းဆက်ပြောမှယုံကြရတာ။
တော်ပါတယ်ဆိုမှယောင်းမ မြင်းစီးထွက်တာပေါ့ရှင် ခုတော့ကျွန်မတို့လဲဘာလုပ်ရမှန်းကိုမသိဘူး""သူ့မှာရည်းစားရှိတယ်လို့လဲ မကြားမိပါဘူးဗျာ ကိုသူရိန်! သူ ကိုသူရိန်တို့အိမ်မှာနေတဲ့အတောအတွင်းကော ရည်းစားရှိတယ်လို့ကြားမိသေးလား"