ဆရာကြီးရေ။ ကျွန်တော်တော့ ဘယ်နေရာ၊ ဘယ်မြို့ပဲ ခရီးထွက်ထွက် ရောက်တဲ့နေ့တိုင်း မိုးအမြဲမိတယ်ဗျာ။
မိုးနဲ့လာတဲ့သူဆိုတာ ကံအရမ်းကောင်းတယ်ကွ။
ဆရာကြီးက ပြန်ပြောပါတယ်။ဆရာကြီးသည် ကျွန်တော့်တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပါမောက္ခချုပ်ဆရာကြီးဖြစ်ပါသည်။ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကုပါရဂူကြီးတဦးဖြစ်ပါသည်။
ဆရာကြီးတယောက် အငြိမ်းစားမယူဖြစ်ပဲ ရှန်းဗလားလို မြို့လေးမှာ အလုပ်တာဝန်တွေတဖက်နှင့် ဦးခေါင်းထိခိုက်ဒဏ်ရာလူနာတွေကို ကြီးကြပ်ကုသပေးနေတာဖြစ်ပါတယ်။ ဆရာကြီးလို လူတယောက်ဟာ ရှန်းဗလားမှာရှိတဲ့ မြန်မာတွေအဖို့တော့ အားကိုးစရာလူကြီးတယောက်ဖြစ်ပါတယ်။
နောက်တော့ ကျွန်တော့်ကိုအခြားဆရာဝန်၅ယောက်နဲ့အတူတူ ဟိုတယ်ပျက်ကြီးတခုရဲ့ အခန်းကျယ်တခုထဲမှာ ထားပါတယ်။
ရှန်းဗလားရဲ့ ဖေဖော်ဝါရီလဟာ အေးနေပါသေးတယ်။ ဟိုတယ်ပျက်ကြီးရဲ့ အပြင်ဘက်မှာ ရေချိုးဖို့ကန်လေးတွေရှိပါတယ်။ အဲ့ကန်လေးတွေမှာ ရေချိုးရင်း ဟိုးဘက်က တရုတ်ပြည်ကြီးကို ရှန်းဗလားကနေ လှမ်းမြင်ရပါတယ်။ တရုတ်ပြည်ရဲ့ တောင်ကုန်းထူထူတွေပေါ်မှာ အနီရောင်ရှိတဲ့သစ်ပင်တွေမှ မနည်းမနောပါပဲ။ နီနီရဲရဲတောင်ကုန်းတောင်တန်းကြီးကို မြင်ရတာ စိတ်ထဲမှာ တမျိုးလွမ်းမောဖွယ်ကောင်းပါတယ်။
ငါတော့ အိမ်နဲ့အလှမ်းဝေးခဲ့ပြီ။ အမေ့သားတယောက် ကြုံရာဘဝမှာ ကျရာအလုပ်လုပ်နေမိပါတော့တယ်။
ရေမိုးချိုးပြီးတော့ ရှန်းဗလားဒေသခံအရာရှိကြီးတဦးက ညစာဖိတ်ကျွေးလို့ သွားရောက်သုံးဆောင်ဖြစ်ပါတယ်။ ညနေစောင်းတွင် အရာရှိကြီးနေထိုင်တဲ့တောင်ကုန်းပေါ်ကို ကားလေးနဲ့တက်သွားဖြစ်ပါတယ်။ ယူနန်စတိုင်ဟော့ပေါ့ကို ဖေဖော်ဝါရီညမှာ စားရတာ အလွန်အရသာရှိလှပါတယ်။
တောင်ကုန်းပေါ်ကနေ မော့ကြည့်တော့ တိမ်ကင်းစင်တဲ့ညဖြစ်နေတော့ ကြယ်တွေပြိုးပြိုးပျောက်ပျောက်နှင့် အရမ်းလှသည်ဟုထင်ရပါသည်။ ကင်မရာနှင့်ထုတ်ရိုက်တော့ မှောင်မှောင်မဲမဲသာပေါ်သဖြင့် အဆင်မပြေပါ။
YOU ARE READING
လွမ်းမောမိသော ရှန်းဗလားညများ
Historical Fictionရှန်းဗလားလို့ခေါ်တဲ့ မြို့လေးတမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ စွန့်စားခန်းလေးတွေကို စုရေးထားတာပါ။