အမှောင်ထုတွေကြားထဲသို့ရောက်ရှိနေချိန် အေးစက်သော အထိအတွေ့ကြောင့် "မှိုင်း"တစ်ယောက် လက်တွေပိုက်ထားလိုက်မိသည်။ ပတ်ဝန်းကျင်ကို အသေအချာ စူးစိုက်ကြည့်ပါသော်လည်း ဘာမှမမြင်ရချေ။ သူအခန်းတစ်ခန်းထဲရောက်နေတာကိုတော့ သတိထားမိသည်။
သူ့လက်တွေကို အားကိုးကာ ဘေးဘီဝဲယာသို့ လိုက်စမ်းနေမိသည်။ လေဟာနယ်ကိုသာ တိုးနေမိတာအကြိမ်ကြိမ်။ ထို့နောက်မှ စမ်းမိသည်က နံရံတစ်ခု။ ထိုနံရံအတိုင်း လိုက်လျှောက်လိုက်ပြီး မကြာခင်မှာပဲ အလင်းရောင်တစ်ခုကို တွေ့ရသည်။ ထိုအလင်းဆီသို့ အားကိုတကြီးဖြင့် သွားကြည့်မိတော့ လက်ဝါးရာပေါ်နေသည့် နံရံတစ်ခု ။ထိုလက်ဝါးရာထဲတွင်လည်း သူနားမလည်သည့် စာများထင်းနေသည်။
ထိုလက်ဝါးက ညာလက်။ သူ့လက်ကို သူထည့်ကြည့်မိသည်။ သေးခြင်း ကြီးခြင်းမရှိဘဲ ထိုလက်ဝါးရာနှင့် သူ့လက်ဟာ အံဝင်ခွင်ကျဖြစ်လို့နေသည်။
ထိုလက်ဝါးရာမှ အလင်းတန်းတွေဖြာထွက်လာသည်။ သူ့မျက်လုံးတွေမဖွင့်နိုင်လောက်အောင်ကို အလင်းရောင်က စူးလွန်းတာကြောင့် သူ့မျက်နှာကို တစ်ဖက်သို့လှည့်ကာ မျက်စိမှိတ်ထားမိသည်။
"မှိုင်း...!"
အသံတစ်သံ သူကြားလိုက်သည်။
"ဟဲ့ မှိုင်း..!!"
နောက်တစ်ကြီမ်ကြားပြန်သည်။ အလင်းရောင်ကြောင့် သူ့မျက်လုံးတွေကိုတော့ မှိတ်ထားဆဲ။
"ဟဲ့ မှိုင်းလုံးညိို..."
အသံစူးစူးကြောင့် သူ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်မိသည်။
"အစ်မ..!"
သူရောက်နေတာ သူ့အိပ်ခန်းထဲတွင်ဖြစ်သည်။
"အေး ဟုတ်တယ် ငါနင့်ကိုနှိုးနေတာ ကြာလှပြီ ထထ.."
"ဟုတ် ဟုတ် ကျွန်တော်လာခဲ့မယ်.."
အစ်မထွက်သွားမှ သူသက်ပြင်းမောကြီးချမိသည်။ သူအရွယ်ရောက်ကတည်းက ဒီအိမ်မက်ကို ၃ရက်ခြား ၄ရက်ခြားမက်နေခဲ့တာဖြစ်သည်။ မက်တိုင်းလည်း ဒီနေရာမှာသာ အဆုံးသတ်သွားတတ်သည်။ သူ့ရဲ့သိချင်စိတ်တွေသာ ပိုတိုးလာခဲ့ပေမယ့် ထိုအိမ်မက်ကတော့ ထိုမျှသာဖြစ်သည်။
"မှိုင်းရေ..လုပ်ဟ အမေ့ကိုစျေးကူသိမ်းရမှာနဲ့ အော်ဒါပို့ရမှာနဲ့.."
အစ်မရဲ့ဆော်သြသံကြားမှ သူ့အတွေးတွေကို ရပ်ကာ မျက်နှာအမြန်ထသစ်ရတော့သည်။
"ဟော် ခင်စန္ဒာတို့မောင်နှမပါလား ဆိုင်သိမ်းသွားမလို့လား.."
"ဟုတ်တယ် အန်တီခင်လေး ..."
ဒီရပ်ကွပ်ထဲမှာတော့ သူတို့မိသားစုကို မသိသူမရှိ။ဘာလို့လည်းဆိုတော့ စျေးသည်တွေကိုး။ ကျွန်တော့်အမေ ဒေါ်တင်တင်ညိုက လမ်းထိပ်မှာ မုန့်ဟင်းခါးဆိုင်လေးဖွင့်ထားတယ် အကြော်လဲကြော်ရောင်းတယ်ဗျ။ တစ်ရပ်ကွပ်လုံးမှာ အမေ့ရဲ့လက်ရာကို မှီတဲ့သူမရှိသေးဘူးဗျ။ ကျွန်တော့်အစ်မခင်စန္ဒာကတော့ အမေ့ကိုစျေးကူရောင်း အော်ဒါလေးတစ်ခါတလေရလျှင် လိုက်ပို့နှင့် အိမ်အလုပ်ဆိုင်အလုပ်ဖြင့် မအားလပ်ပေ။။ ကျွန်တော်နဲ့ အစ်မကအသက်၅နှစ်လောက်ကွာတယ်။
"ဟော သားတို့တောင်လာကြပြီ အမေကသိမ်းလို့ပြီးနေပြီ.."
"ဟုတ်တယ် အမေရေ အမေ့သားပေါ့ အိပ်ယာကတော်တော်နဲ့နှိုးမရလို့ ."
ခင်စန္ဒာကမောင်ဖြစ်သူကို မျက်စောင်းလေးရွယ်ကာ အမေကို တိုင်တန်းလေသည်။
ဒေါ်တင်တင်ညိုကတော့ သဘောတကျရယ်မောလို့နေသည်။
မှိုင်းကတော့ သူ့ပြောနေတာမဟုတ်သည့်အတိုင်း သိမ်းစရာကျန်တာ ဆက်သိမ်းနေသည်မှာ ခပ်တည်တည်။
~~~~~~~~
"အေး အဲ့နားလေး သား အင်း ကျွတ် ကျွတ်.."
ဒီနေ့ အမေနေမကောင်းလို့ စျေးရောင်းမထွက်သဖြင့် မှိုင်းက အမေ့ကို ဇာတ်ကြောဆွဲပေးနေခြင်းဖြစ်သည်။
အစ်မကတော့ ဆိုင်ပိတ်ရက်ဖြစ်နေလည်း အိမ်မှာ ဟိုစပ်စပ်ဒီစပ်စပ်ဖြင့် သန့်ရှင်းရေးလုပ် ထမင်းဟင်းချက်ဖြင့် မအားပေ။
"အမေရာ မသက်သာဘဲနဲ့ စျေးမထွက်ပါနဲ့ဆိုတာကို အခုတော့ ပြန်ဖြစ်ပြီ.."
"စျေးထွက်တော့ သုံးစရာ ငွေပိုငွေလျှံလေးရတာပေါ့သားရယ် အခုတောင် တကယ်မဟန်နိုင်လို့ ဆိုင်ပိတ်ထားရတာ.."
အမေက နှမြောဟန်ပြောလေသည်။
"ကျွန်တော် အမေ့အစားရောင်းပေးမယ်ဆိုတော့ အမေကလက်မခံဘူး..."
"အောင်မယ်လေး မလုပ်ပါနဲ့ ငါ့မောင်ရယ် မင်းရောင်းမှ အမေမိတ်ပျက်ကုန်မယ်..."
အစ်မက သူတို့နားသို့ သန့်ရှင်းရေးလုပ်ရင်း လာထိုင်ကာပြောသည်။
"အစ်မကလည်း မသိရင် ကျွန်တော်က အပေါက်ဆိုးတဲ့လူကျနေရော.."
"ဟုတ်ပါတယ် နင်ကအပေါက်မဆိုးပါဘူး အဲ့ဒါဆိုလေ ငါ့ကို နင်စျေးရောင်းမယ့်ပုံစံလေး ပြောပြစမ်းပါ့.."
"ဟ ဘယ်လိုရောင်းရမှာလဲ စားသုံးသူလာရင်ထည့်ပေးလိုက်မှာပေါ့ မလာရင်ထိုင်နေရုံပဲကို.."
"လာရင်ရောင်းမယ် မလာရင်မရောင်းဘူး မေးရင်ထူးမယ် ခေါ်ရင်ပြောမယ် အဲ့လိုပေါ့.."
"အေးပေါ့.."
"ဟား ဟား.."
အမေရော အစ်မကပါရယ်ကြသည်။
"အမေ့မြင်လား အမေ့သားက လူ့ဂွစာ.."
"ဟောဗျာ အစ်မ ကျွန်တော့်ကိုသပ်သပ်ရန်စနေတာ.."
"ကဲပါ တော်ကြတော့ ကလေးတွေလည်းမဟုတ်ဘူး ငြင်းနေကြတာ အကြီးမ မောင်လေးကိုမစနဲ့.."
ထိုအခါမှ မျက်နှာပိုးသတ်သွားသည့် အစ်မ။
"အမေ့လုပ်ပါ သားကို တစ်ခါလောက်စျေးရောင်းခိုင်းစမ်းပါ ကျွန်တော်အစ်မပြောတာကိုမခံချင်လွန်းလို့ပါ.."
အမေကတော့ ခေါင်းတရမ်းရမ်းဖြင့်သာ ရယ်နေတော့သည်။
အစ်မပြောနေသလို ကျွန်တော်က အပေါက်ဆိုးတဲ့သူမဟုတ်ပါဘူး။ ဆက်ဆံရေးလေးကျဲရုံပါ။စကားဆိုတာပြောတိုင်းကောင်းတာမှမဟုတ်တာ။ ကျွန်တော့်ကို လာပြောတိုင်း ကျွန်တော်က စကားရောဖောရော ပြန်ပြောနေရမှာလား။ ပြီးတော့ ကျွန်တော့်အတွက် အရေးမပါတဲ့ဘယ်လိုလူနဲ့မှ ကျွန်တော်က ရောရောနှောနှောမနေတတ်ဘူး။ ကျွန်တော်နဲ့မရင်းနှီးတဲ့သူဆို ပြုံးပြဖို့တောင် ကျွန်တော့်အတွက်ခက်ခဲပါသည်။
ဒါ့ကြောင့်လည်း ရပ်ကွပ်ထဲကလူတွေ ကျွန်တော့်ကို ပြောကြတာက "ရုပ်ချောလွန်းတဲ့အချေကောင်"တဲ့လေ။
~~~~~~~~~~~~
"နန်းရိပ်မြိုင်"အိမ်တော်ကြီးထဲတွင် လူတွေ ခြေရှုပ်နေကြသည်။
"ဆေးဆရာက အခုထိမလာသေးဘူးလား.."
သားကြီးဖြစ်သည့် ဦးကောင်းပြည့်စုံက မိခင်ဖြစ်သူဘေးတွင် စိုးရိမ်ပူပန်စွာ အထိုင်အထဖြစ်နေရင်း မေးလိုက်သည့် အမေးစကားဖြစ်သည်။
"မျိုး ဖုန်းဆက်ထားပါတယ် အစ်ကိုကြီး.."
ဇနီးဖြစ်သည့် ဒေါ်မျိုးမြတ်ရတနာက ဝင်ဖြေပေးခြင်းဖြစ်သည်။ ဒီစံအိမ်၏ အကြီးအကဲဖြစ်ကာ ဩဇာအာဏာကြီးလှသည့် အဖွား ဒေါ်နန်းမြတ်သိင်္ဂီ။ အသက်ငယ်ရွယ်စဥ်ကတည်းက ချမ်းသာကြွယ်ဝမှုအရှိန်အဟုန်ဖြင့် အိမ်သားတိုင်းပေါ်တွင် သြဇာညောင်းလှသည့် ဒေါ်နန်းမြတ်သိင်္ဂီသည် အသက်၈၀ကျော်သည့်တိုင် ထက်မြတ်မှုတို့ကရော့မသွားသေးပေ။ ဇရာကြောင့်သာ မဟုတ်ရင် သူမဟာ အသက်ထက်နှစ်၂၀လောက်ပင်ငယ်သည် ထင်ရ၏။
ကောင်းချီးမျိုးစုံဖြင့် အရာရာပြည့်စုံနေသည့်တိုင် လိုအပ်ချက်တော့ ရှိနေသေးသည်။ ထိုလိုအပ်ချက်ဟာ ဆက်ခံသူပျောက်ဆုံးနေခြင်းဖြစ်သည်။
သူမ မသေခင်မှာ ဆက်ခံသူ အမြန်ရှာတွေ့မှဖြစ်မည်။
"မြေး "မဟာ"ကိုရှာတွေ့ပြီလား.."
ဘေးနားက သားဖြစ်သူကိုမေးလိုက်မိသည်။
"ကျွန်တော်တို့ စုံစမ်းနေဆဲပါမယ်တော်ကြီး ..."
"မယ်တော်ကြီး အရေးကြီးရင် ကျွန်တော့်သား ထက်မြတ် တစ်ယောက်လုံးရှိနေပါသေးတယ်..."
သားငယ်ဖြစ်သည့် ဦးသီဟပြည့်စုံ၏ စကားကြောင့် ဒေါ်နန်းမြတ်သိင်္ဂီ အကြည့်စူးစူးတစ်ချက်ကြည့်လိုက်သည်။
သူမမှာ သားနှစ်ယောက်ရှိသည်။ တစ်ယောက်က ကောင်းပြည့်စုံ၊နောက်တစ်ယောက်က သီဟပြည့်စုံ။ သားနှစ်ယောက်ကို တန်းတူရည်တူ သွန်သင်ဆုံးမခဲ့ပါသော်လည်း ခံယူသည့်ပုံစံတွေ မတူညီသလို စိတ်ဓာတ်တွေကလည်း ကွဲပြားကြသည်။ သားကြီးက အလုပ်ကြိုးစားတယ် တိကျတယ် ပြတ်သားတယ်။ အထူးသဖြင့် အလိုရမ္မက်နည်းပါးသည်။ သားငယ်ကျတော့ ထိုသို့မဟုတ် သူ့ထက်သာလျှင်မနာလိုတတ်သည်။ ကိုယ်တိုင်လုပ်ရမှာထက် လက်ညှိုးညွှန်ပြီး ခိုင်းစေရတာကို ကြိုက်နှစ်သက်သည်။အထူးသဖြင့် အလိုရမ္မက်ကြီးသည်။
"ဒီကိစ္စကို မင်းခဏခဏပြောသလို ငါလည်းမကြာမကြာ သတိပေးရတယ် ဆက်ခံသူနေရာက ငါရွေးချယ်ထားတာ မဟုတ်ဘူးဆိုတာ ငါထပ်မရှင်းးပြချင်တော့ဘူး သားငယ်.."
ဒေါ်နန်းမြတ်သိင်္ဂီ၏ ကြည်လင်ပြတ်သားသည့် သြဇာသံကြောင့် ဦးသီဟအထွန့်မတက်ရဲတော့ဘဲ ငြိမ်ကျသွားသည်။
အမေဟာ အာဏာကိုသူ့အပေါ်မှ တမင်ပြတတ်သည်။ တကယ်ဆို တစ်အိမ်လုံးမှာ သူမသာလျှင်သြဇာအာဏာ အကြီးဆုံး သူမစကားတစ်ခွန်းသာ အရာဝင်ဆုံးဖြစ်နေသည်ကို ဆက်ခံသူနေရာကို မပေးချင်၍ တမင်လုပ်နေသည်။
အထက်ကဆိုသည့် ပါးစပ်ရာဇဝင်ထဲမှ ဘိုးဘေးဘီဘင်တွေအား အကြောင်းပြသည်။ သားအရင်းတွေဖြစ်သည့် သူတို့တွေ ဆက်ခံသူနေရာမရပါဘဲ မြေးဖြစ်သည့် အစ်ကိုကြီးရဲ့ သားတွင် ဆက်ခံသူ အမှတ်အသားပါလာသည်တဲ့လေ။
ကိုယ့်မှာလည်း သားတစ်ယောက်ရှိပါလျှက် အရွေးချယ်းချယ်မခံခဲ့ရပေ။ မဖြစ်သင့်တဲ့ကိစ္စ။ အစ်ကိုကြီးတို့ရဲ့သားပျောက်သွားသည့်တိုင် ဒီကလေးကိုသာ တဆာဆာတောင်းတနေကြသည်။ အနီးနားမှာရှိနေသည့်သူတို့မိသားစုဟာ သွေးသားအရင်း မြေးအရင်းတွေ မဟုတ်သည့်နှယ် အပယ်ခံတွေဖြစ်ရသည်။
"မယ်တော်ကြီးဟာ သိပ်ကို အတ္တကြီးတယ် ကျွန်တော် မယ်တော်ကြီးကို ချစ်ပါတယ် ဒါပေမယ့်မယ်တော်ကြီးရဲ့ အတ္တတွေက ကျွန်တော့်ကို ရိုင်းစိုင်းစေတယ် နောက်ပိုင်းမှာ ကျွန်တော် ဘာတွေလုပ်မိတော့မယ် မသိတာကြောင့် ကြိုတင်ပြီး တောင်းပန်ထားပါရစေ မယ်တော်ကြီး"(စိတ်ထဲမှစကားသံ)
*သေသောသူ ကြာလျှင်မေ့>ပျောက်သောသူ ရှာလျှင်တွေ့** ဤ စကားပုံသာ မှန်ခဲ့လျှင်။