အပိုင်း (၂၃)
နောက်တစ်နေ့ မနက်စောစောတွင် သူ့ဘေးမှ လှုပ်ရှားမှုကို သတိထားမိပြီး ရီရောင်သုန်းနိုးလာသည်။ သူ့ မျက်ခွံတွေက လေးလံနေပြီး လုံးလုံးမဖွင့်နိုင်သေးသည့်အတွက် မျက်လုံး တစ်ဖက်သာ ဖွင့်ပြီး လှည့်ကြည့်လိုက်သည်။ လင်းရှိုချင်း ကလေး နှစ်ယောက်ကို အင်္ကျီဝတ်ပေးနေသည်ကို သူ မြင်လိုက်ရသည်။
"ဘယ်နှနာရီရှိပြီလဲ။ သူတို့ နှစ်ယောက် ဘာလို့ ဒီလောက် အစောကြီးနိုးနေတာလဲ"
"ခြောက်နာရီ"
အဝတ်အစားတွေ လဲပြီးတဲ့အခါ ရီချန်းဟူက စူးစမ်းချင်စိတ်နဲ့ “ဖေဖေ၊ ဒီနေ့ ဘာလို့ အစောကြီးနိုးလာတာလဲ” လို့ ပြောသည်။
"မရဘူးလား။ ခန္ဓာကိုယ်က စောစောအိပ်ပြီး ထတာ ကောင်းတယ်လေ"
"ဟမ် ဒါပေမယ့် အဖေက ခါတိုင်းဆို နေဖင်ထိုးတဲ့အထိ အိပ်တာလေ"
ရီရောင့်သုန်း သူ့သားကြီးအား ငုံ့ကြည့်ကာ တိတ်ဆိတ်နေမိသည်။ စောသေး၍ ဘာမှလုပ်စရာလည်း မရှိသောကြောင့် မျက်လုံးပြန်မှိတ်ထားသည်။ ခဏလောက် မှိန်းနေဖို့သာ ဆုံးဖြတ်လိုက်သည်။
"ဟီးဟီး~ အဖွားက ဖေဖေက ပျင်းရိတဲ့ပိုးကောင်ကြီးလို့ ပြောတယ်"
သားငယ်ကလည်း "ပျင်းရိပိုးကောင်ကြီး၊ ပျင်းရိပိုးကောင်ကြီး"
သူ့ မျက်လုံးတွေကို ပြန်ဖွင့်ပြီး သား နှစ်ယောက်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ သည်နှစ်ကောင်က မြင်ရတာ တကယ်အချိုးမပြေတာပဲ။ ဒါတောင် သူ သေပြီးနောက် လျော်ကြေးငွေများ ဒီကောင်တွေအတွက် ချန်ထားပေးခဲ့မိသည်ကို သူကိုယ်သူမယုံနိုင်ပေ။
"ဘာလို့ မနက်အစောကြီး ဆူညံနေကြတာလဲ။ အပြင်ထွက် ကစားနေ"
"လားလားလားလားလား~"
သားအကြီးဆုံးက သူ့ကို ရယ်စရာကောင်းတဲ့ မျက်နှာလုပ်ပြပြီး ကုတင်ပေါ်မှ အမြန်အပြင်ကို ပြေးထွက်သွားသည်။ သားငယ်က အလွန် စိုးရိမ်နေပုံရပြီး "အစ်ကို အစ်ကို~" ဟု အော်ခေါ်သည်။
"ဘာတွေ အရမ်းစိုးရိမ်နေတာလဲ" လင်းရှိုချင်းက ဘောင်းဘီကို ဝတ်ပေးပြီးတာနှင့် ချီထားတာမှ အောက်သို့ချပေးလိုက်သည်။ "သတိထား၊ မပြေးနဲ့၊ ချော်လဲမယ်"
သူမ ပြောပြီးသည့်အခါ မနေ့ညက ပန်းကန်နှင့် ဇွန်းကိုကိုင်ပြီး စိုစွတ်နေသော အိပ်ယာခင်းများသယ်ကာ နောက်မှလိုက်သွားသည်။
"ကိုယ်မနေ့ညက ဝတ်ထားတဲ့ ဘောင်းဘီတိုက ထောင့်ထိုင်ခုံမှာ၊ အဝတ်အစားတွေက အိမ်နောက်ဖေးမှာ ထားထားတယ်"
"ဟုတ်ပြီ"
တံခါးပိတ်သွားပြီးနောက် အခန်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သို့သော်လည်း ရီရောင့်သုန်း အိပ်ချင်စိတ် မရှိတော့ပေ။ သူသည် ခေါင်းနောက်တွင် လက်နှစ်ဖက်ဖြင့် မှီကာ မျက်လုံးများကို မှိတ်ထားသည်။ သူစောစောထလို့ အိမ်ကလူတိုင်းကို မအံ့သြစေချင်ပေ။
အကြာကြီးပင် မလှဲရသေး ဧည့်ခန်းထဲမှ သူ့ဒုတိယခယ်မသည် မကြားဝံ့မနာသာ ကျယ်လောင်စွာ အတင်းပြောနေတာကို ကြားလိုက်ရသည်။
"အမေ၊ ရက်အနည်းငယ်ကြာရင် အိမ်ဆောက်ရတော့မှာ၊ အားဟွာ နဲ့ သူ့အစ်ကိုအကြီးဆုံးက အဖေနဲ့ ပင်လယ်ထဲ အလှည့်ကျထွက်ရတာကို၊ အိမ်မှာ တစ်ယောက်ပဲကျန်ခဲ့တဲ့ ရောင်သုန်းက မကူညီသင့်ဘူးလား။ ဘာပဲဖြစ်ဖြစ် သူက ဘာမှလုပ်တာလဲ မဟုတ်ပဲနဲ့၊ အပိုလူ ငှားစရာမလိုပဲ လုပ်ခပေးစရာ မလိုတော့ဘူးပေါ့”
"သူ နိုးလာရင် ငါ ပြောလိုက်မယ်"
"ညီအစိကို သုံးယောက်လုံးက ကိုယ်ပိုင်အိမ်တွေ ရလာတော့မှာ၊ ဒါကြောင့် သူပင်လယ်ထဲ မထွက်ရင်တောင် အနည်းဆုံးဒါလေးတော့ကူညီသင့်တာပေါ့၊ အိမ်ခွဲပြီးရင်လည်း အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့လည်း တာဝန်ယူသင့်တယ်"
အကြီးဆုံးခယ်မရီက "ဟုတ်တယ်၊ ငါတို့က သူ့ကို အလုပ်အများကြီးလုပ်ဖို့ မမျှော်လင့်ပါဘူး၊ ဒါပေမယ့် အနည်းဆုံးတော့ သူက ဝင်ကူပေးလို့ ရတာပဲ..."
….......
.......…
အကြီးဆုံးခယ်မရီရဲ့ အသံက ဒုတိယခယ်မရီလောက် မကျယ်သဖြင့် ရီရောင်သုန်းတစ်ယောက် ရှင်းရှင်းလင်းလင်း မကြားရပေမယ့် တချို့စကားလုံးတွေတော့ ကြားရသေးသည်။
မျက်ခွံကို တင်းတင်းစေ့မိထားသည်။ သူ့ခယ်မအကြီးဆုံးက အဆင်ပြေပါသည်၊ အတော်လေး ကြင်နာတတ်ပေမယ့် ဒီခယ်မနှစ်ကတော့ အမှားရှာတတ်သည်၊ စကားလည်း သေချာပြောတတ်သည်၊ အသေးအမွှားကအစ တွက်ချက်တတ်သည်။ ကံကောင်းထောက်မစွာ၊ သူ့မိန်းမက အဲဒီလိုမျိုးမဟုတ်ပေ။
တကယ်တော့ သူ့လိုကောင်မျိုးနဲ့ရတဲ့ လင်းရှိုချင်းကို ကိုယ်ချင်းစာမိသည်။ သူ့အမေကလည်း သူမအပေါ် မျက်နှာသာပေးမှု အနည်းငယ်ပြသည်။ သူမမိသားစုအိမ်ကို ပြန်သွားတိုင်း သူ့အမေက ပင်လယ်စာဝယ်သွားဖို့ ပိုက်ဆံနည်းနည်းလောက်ပေးတတ်သည်။
သူ့ခယ်မ အကြီးဆုံးနှင့် ဒုတိယခယ်မကတော့ အဲဒီလို အခွင့်အရေး မရကြပေ။ ဒါပေမယ့်လည်း သူ့အကြီးဆုံးနှင့် ဒုတိယ အစ်ကိုတို့သည် အလုပ်ကြိုးစားသူများ ဖြစ်ကြသည်။
တွေးကြည့်မိတော့လည်း နှစ်သစ်ကူး ဒုတိယနေ့မှာ ဇနီးဖြစ်သူအိမ်ကို လိုက်သွားသည်ကလွဲ၍ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က မလိုက်သွားခဲ့မှန်း သိလိုက်ရသည်။
ကိုယ့်ကိုကိုယ် အနည်းငယ်စိတ်ပျက်မိသည်။ သူ၏ ယောက္ခထီးသည် အစောပိုင်းကာလများတွင် သူ့အပေါ် အတော်လေး ကြင်နာတတ်ပေးသည်။
နောက်ပိုင်းမှာတော့ အဲဒီကြင်နာမှုတွေ ပျောက်ကွယ်သွားပြီး လျစ်လျူရှုခြင်းခံရသည်။ သူ့နောက်ကွယ်မှာလည်း ယောက္ခမက သူ့ကို အဆက်မပြတ် ပြစ်တင် ကြိမ်းမောင်းနေနိုင်သည်။
အနည်းဆုံးတော့ ဆောင်းဦးရာသီပွဲတော်အတွင်း သူ့ မိန်းမ မိသားစုအိမ်သို့ လိုက်ပို့ပေးမည်ဟု သူတွေးလိုက်သည်။
အိပ်ရာထဲလှဲလျောင်းရင်း ခဏလောက်စဉ်းစားနေမိသည်။ သူ့စိတ်တွေက လမ်းကြောင်းအမျိုးမျိုးကို ပျံ့လွင့်နေသည်။ အပြင်ကနေ ဖြာကျလာတဲ့ နေရောင်ခြည်က အနည်းငယ် စူးရှနေသလို ခံစားရသည်။ အချိန်တန်ပြီလို့ ယူဆတဲ့အတွက် သူအိပ်ရာမှ ထလိုက်သည်။
ဒါပေမယ့် တံခါးဖွင့်ပြီး အပြင်ကို ထွက်သွားတာနှင့် သူ့အဖွားက အံ့သြသွားသည်။ "ရောင်သုန်း ဘယ်လိုဖြစ်လို့ အစောကြီးနိုးနေတာလဲ။ နည်းနည်း ကြာကြာလေး ပိုမအိပ်ချင်ဘူးလား"
"မစောတော့ပါဘူး၊ အဖေနဲ့ အစ်ကိုကြီး ကပင်လယ်ပြင်ကို ၁ နာရီလောက်မှာ ထွက်သွားကြပြီး အားဟွာ က ခြံရှင်းဖို့ ၆ နာရီမှာ ထတယ်။ ကလေးတွေတောင် မနက်စာစားပြီးလို့ ဆော့ကစားနေကြပြီ။ အခုချိန်ထိ ဒီအိမ်ထဲမှာ အေးအေးဆေးဆေး အိပ်နေသေးတဲ့သူ ရှိသေးလို့လား" ခယ်မနှစ်က တံခါးဝမှာထိုင်နေပြီး အဖွားရဲ့စကားကြားတော့ အိမ်ထဲသို့ ကျယ်လောင်စွာ အော်လိုက်သည်။
ရီရောင့်သုန်းသည် မကြားချင်ယောင်ဆောင်ကာ သူ့နားကို ကုတ်လိုက်သည်။ သူ့အရင်ဘဝက အကြိမ်ပေါင်း မရေမတွက်နိုင်သော မှတ်ချက်များကြားခဲ့ရသောကြောင့် ၎င်းကို ကျင့်သားရနေပြီ ဖြစ်သည်။
"သား နိုးပြီး၊ အဖွားကော မနက်စာ စားပြီးပြီလား"
"စားပြီးပြီ၊ စားပြီးပြီ! နောက်ဖေးကို မြန်မြန်သွားပြီး သွားတိုက်၊ မျက်နှာသွားသစ် သွား"
"အင်း"
သွားတိုက်ပြီးနောက် သေးပေါက်ချင်လာသည်။ ခေါင်းကိုလှည့်ပြီး ခြေလှမ်းအနည်းငယ်လှမ်းလိုက်သောအခါ အိမ်နောက်ဖေးထောင့်အပြင်ဘက်ရှိ အုတ်နှင့်ကောက်ရိုးများဖြင့် ဖုံးအုပ်ထားသော သစ်သားတံခါးတစ်ခုကို သတိပြုမိသည်။ အထဲမှာ အိမ်သာတစ်လုံးရှိသည်၊ အင်း...အကုန်အစုံအလင်ပါနေတဲ့ အိမ်သာတစ်လုံးပေါ့...
ထို့အပြင် ခေါင်းစိမ်းယင်ကောင်များ ပျံသန်းနေသည့် အသံကို သူကြားနေရသည်။
ရီရောင်သုန်းသည် ခြေလမ်းကို ရုတ်ချည်းနောက်ဆုတ်လိုက်ပြီး အနီးနားရှိ ဟင်းရွက်ခင်းများဆီသို့ လျှောက်သွားသည်။ ၎င်းကို ယာယီသန့်စင်ခန်းအဖြစ် အသုံးပြုရန် ဆုံးဖြတ်ခဲ့ပြီး အသီးအရွက်များအတွက် သဘာဝမြေသြဇာများ ပေးခဲ့သည်။
မနေ့မနက်က ပင်လယ်ကမ်းစပ်မှာရှိနေတုန်း သူ အပေါ့သွားခဲ့သည်။ မွန်းလွဲပိုင်းတွင်လည်း အားဂွမ်းတို့အိမ်ရှိ ချုံပုတ်များတွင် ဆီးသွားခဲ့သည်။ သူသည် အိမ်က အိမ်သာသုံးဖို့တောင် စိတ်ကူးမရှိခဲ့ပေ။
အိုး... အဲဒါတွေကို မတွေးတော့ပေ။ ခဏနေရင် မနက်စာ စားရအုံးမည်။
အခုအခြေအနေမှာ ပိုမိုကောင်းမွန်တဲ့ဘဝနေထိုင်ရမည်ဟု ခံစားရသည်။ အိပ်ရာ ဝယ်ရုံသာမက သင့်တင့်လျောက်ပတ်သော အိမ်သာရှိရန်လည်း ကြိုးစားအားထုတ်ရန် လိုအပ်နေသေးသည်။
အကြိမ်ဖန်များစွာ လှုပ်ယမ်းပြီးနောက် သူ့အခန်းဆီသို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။
စားပွဲပေါ်တွင် စွတ်ပြုတ် ပန်းကန်လုံးတစ်လုံးနှင့် ငါးခြောက်နှစ်တုံး ရှိသည်။ စွတ်ပြုတ်က ကန်စွန်းဥစွတ်ပြုတ်ဆိုပေမယ့်လည်း သူ့ကို အံ့သြသွားစေတာက ချဉ်ဖက်တွေအစား ငါးခြောက်တွေဖြစ်နေတာပင်။ ချက်ခြင်းပင် သူ့အစာစားချင်စိတ် တိုးလာသည်။
"အဖွား ဒီငါးခြောက်တွေကို မနေ့က နေလှန်းထားတာလား"
အဖွားက ပြုံးပြပြီး “ဟုတ်တယ်၊ အဲဒါတွေက သေးသေးလေး နဲ့ သိပ်မတန်ဘူး။ မင်းအဖေက မနေ့က ဂျင်း ဆယ်ဂဏန်းလောက် ရလာတယ်၊ ဒါကြောင့် မရောင်းတော့ပဲ စားဖို့လုပ်လိုက်တာ။ မနေ့ကတနေ့လုံး နေပူထဲမှာ အခြောက်ခံထားလိုက်တယ်။ ဒီမနက် အဖွားကိုယ်တိုင် ပန်းကန်လုံးတစ်လုံးစာ အတိအကျပြုတ်ပြီး မင်းအတွက် ချန်ထားတာ! ထစားလိုက်"
ဒါက ရေခြောက်ငါး၊ ခေါင်းကို ဖယ်လိုက်တဲ့အခါ သူ့
လက်ခလယ်ထက် အနည်းငယ် ပိုရှည်သည့် အရွယ်အစားရှိသည်။ သေးသော်လည်း အခြောက်ခံရန် သင့်လျော်သည်။ ကမ်းရိုးတန်းနေသူများအတွက်တော့ အကောင်းဆုံးအရံဟင်းပင်။
"ဟမ်၊ အနံ့ ကောင်းလိုက်တာ"
"မင်းကြိုက်ရင် အဖွားနေ့လည်ကျရင် ထပ်လုပ်လိုက်မယ်လေ။ မင်းအဖေ ညနေပြန်လာရင်လည်း သေချာပေါက် ထပ်ပါလာလိမ့်မယ်၊ အဲ့တာကိုကျ မနက်ဖြန် ထပ်လှန်းလိုက်မယ်"
"ဒီနေ့ကော ပြောင်းဖူး သွားခူးအုံးမှာလား? ခဏနေ လယ်ထဲကို သွားပြီး သား ပြောင်ဖူးသွားခူးပေးမယ်လေ"
အဖွားက သူ့လက်ကို ထပ်ခါတလဲလဲ ဝှေ့ယမ်းပြီး "မလိုဘူး၊ မလိုဘူး၊ မင်းအလုပ်များရင် အဆင်ပြေပါတယ်။ အိမ်က ကလေးတွေခေါ်ပြီး သွားခူးလိုက်မယ်၊ ခြင်းတစ်တောင်းစာဆိုရင်တော့ လုံလောက်လောက်တယ် မဟုတ်လား"
"သား အားတယ်၊ ဘာမှကို လုပ်စရာမရှိတာ။ ဒီနေ့ ဒီရေက မနေ့ကထက် နာရီဝက်ကနေ တစ်နာရီနောက်ကျမှာဆိုတော့ ပင်လယ်ကမ်းစပ်ကို စောစောသွားစရာ မလိုဘူး။ စားပြီးရင် သားသွားခူးလိုက်မယ်"
"ဒီနေ့ အပြင် မသွားဘူးလား"
"နေ အရမ်းပူတယ်၊ အပြင်ထွက်ချင်စိတ်လည်း မရှိဘူး၊ ဒီရေကျရင် သူငယ်ချင်းတွေနဲ့ ပင်လယ်ကို အတူတူသွားဖို့ အစီအစဉ် လုပ်ထားတာ"
"ဟုတ်ပြီ ဒါဆို အဖွားနဲ့ သွားခူးကြမယ်"
ရောင့်သုန်းသည် စွတ်ပြုတ်ကို အမြန်စားပြီးသည်နှင့် အဖွားက အဝတ်စုတ်ကိုကိုင်ကာ ပန်းကန်လုံးကို သိမ်းရန်ပြင်သည်။ ရီရောင်သုန်းလည်း သူမလက်ထဲမှ အဝတ်ကို ယူကာ စားပွဲပေါ်ရှိ ငါးအရိုးများကို ပန်းကန်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဆေးကြောရန် အနောက်တံခါးဆီသို့ သွားသည်။
အဖွားရဲ့ မျက်နှာက အပြုံးတွေ တောက်ပလာပြီး "အဲဒါကို ထားခဲ့လိုက်၊ မင်းမိန်းမက နောက်မှ ဆေးလို့ရတယ်" ဟုပြောသည်။
"ကောင်းပြီ၊ ဒါဆိုလည်း သွားကြရအောင်"
တံခါးဝမှာ ထိုင်နေတဲ့ သားငယ်တစ်ယောက် ပင်လယ်ခွံတွေနဲ့ ကစားနေတာကို မြင်တော့ ချီလိုက်ပြီး "မင်းသွားကစားချင်လား" ဟု မေးလိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့" ရီချန်းယန်သည် စိတ်လှုပ်ရှားစွာ သူ့ဖခင်၏ လည်ပင်းကို သိုင်းဖက်ထားသည်။
သူသည် မိသားစုတွင် အငယ်ဆုံးဖြစ်ပြီး သူ့အစ်ကိုအစ်မတို့သည် မနက်စာစားပြီး အလျင်အမြန်ထွက်သွားကစားကြသည်မှာ လိုက်မမှီလိုက်ပေ။ အိမ်မှာ အထီးကျန်စွာ တစ်ယောက်ထဲ အမေနဲ့သာ ကျန်နေခဲ့ရသည်။