Misaki က သူမရဲ့ရွှေရောင်အဆင်တန်ဆာတွေကို ဖြုတ်သိမ်းလိုက်ပြီး သူမ၏ဂိုဏ်းဝတ်စုံတွေထဲမှ အရိုးရှင်းဆုံးတစ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ အစက misaki သည် အခုလိုမျိုး ရုပ်ဖျက်ပြီး နေထိုင်ခွင့်တောင်းမည့်အစီအစဉ်ကို သဘောမတူချင်ခဲ့ပေ။ ဖြောင့်မတ်ပြီး သမာသမတ်ကျသည့် ဂိုဏ်းသားတွေ၏ပုံရိပ်က သဘာဝလွန်အန္တရာယ်တွေနှင့် ရင်ဆိုင်နေရသော ဒီပြည်နယ်ကလူတွေကို ပိုပြီးစိတ်အေးအောင် ကူညီနိုင်မည်ဟု ထင်တာကြောင့်ဖြစ်သည်။
သို့သော် သူမတို့ရင်ဆိုင်နေသည်က အရေဖြူအိပ်မက်မိစ္ဆာဖြစ်သည်။ လူသားတို့သည် နေ့ခင်း၌ ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်အလုံးစုံတို့ကို ညဘက်အိပ်စက်ချိန်၌ အိပ်မက်အဖြစ် ပြန်မြင်မက်လေ့ရှိကြသည်။ အကယ်၍ အရေဖြူအိပ်မက်မိစ္ဆာက မြို့ရှိလူတွေ၏အိပ်မက်မှတစ်ဆင့် သတင်းစကားတွေကို ထောက်လှမ်းနေခဲ့လျှင် အခုညမှာပဲ သူမတို့၏ရောက်ရှိလာခြင်းကို ချက်ချင်းသတိထားမိသွားမှာဖြစ်သည်။ သူမတို့က အတွေ့အကြုံနုသည့် ကျင့်ကြံသူတွေဖြစ်လေရာ ရန်သူက သံချပ်ကာအပြည့်နှင့် ထွက်လာပြီး တိုက်ခိုက်မှာကို မလိုချင်ပေ။ ထိုအစား ရန်သူ မထင်မှတ်ထားသည့်အချိန်နှင့် အလစ်ဝင်တိုက်ခိုက်ပြီး အနိုင်ယူမှာဖြစ်သည်။ညဉ့်က နက်သထက်နက်လာပြီး ခြံဝန်းသည်လည်း နေ့အလင်းရောင်ရှိစဉ်ကထက် ပိုတိတ်ဆိတ်လို့နေသည်။ မီးအိမ်တွေထွန်းညှ်ိထားပေမယ့်လို့ အလင်းရောင်က သိပ်ပြီးအားမကောင်းလှပေ။ ဝမ်အိမ်တော်၏ခြံဝန်းထဲမှ ဟိုတစ်ကွက် ဒီတစ်ကွက် အရိပ်မည်းများထဲတွင် ကျောက်စိမ်းလမင်းဂိုဏ်းမှ အနက်ရောင်ဝတ် ဂိုဏ်းသားများ ပုန်းအောင်းနေကြသည်။ ယနေ့သည် လမိုက်ညဖြစ်သည်။ ကျောက်စိမ်းလမင်းဂိုဏ်းနှင့် တိမ်ယံကောင်းကင်မှ လသည် ဆက်စပ်လျက်ရှိသည်။ လမိုက်ညဖြစ်စေ လပြည့်ညဖြစ်စေ ထိုကဲ့သို့သော လင်းထိန်ခြင်းနှင့် မှောင်မိုက်ခြင်းတို့ အားကောင်းနေချိန်တွင် ကျောက်စိမ်းလမင်းမှဂိုဏ်းသားတွေ၏စွမ်းအင်သည်လည်း အဆုံးစွန်အထိ ပြည့်ဝနေတတ်သည်။ အစ်ကိုမင်ပင်လျှင် သူ့၏လက်စွဲတော်ဓားက စွမ်းအင်ပြည့်လျှံကာ ဓားအိမ်ထဲမှ ခုန်ထွက်ချင်နေသည်ကို မနည်းဖမ်းချုပ်ထားရသည်။ မိစ္ဆာသာ ဒီညထွက်လာလျှင် သူတို့၌ အနိုင်ရနိုင်ချေ ရာခိုင်နှုန်းများသည်။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.