အမှောင်ထုဟာ လာနေပြီ။ ၁၂ လပိုင်းရဲ့ အေးစက်လွန်းတဲ့ နှင်းဖြူဖြူတွေက နာကျင်နေတဲ့နှလုံးသားကြောင့် အနီရောင်များ ပြောင်းသွားမလား။ မျက်တောင်တစ်ချက်ခတ်လိုက်ရင် နေကြာပန်းခင်းကြီးကိုမြင်တယ်၊ နောက်တစ်ချက်ခတ်လိုက်ရင် တိမ်တွေကိုမြင်တယ်။ မနေ့က အချိန်အခါမဟုတ် ရွာသွားတဲ့ ဖောက်ပြန်တဲ့မိုးကြောင့် မြေကြီးတူးရတာ လွယ်ကူနေမှာပဲ။
ကောက်ခါငင်ခါပဲ လေထဲကို ပျံသန်းလိုက်တယ်။ ကျွန်တော့်မှာ အတောင်တွေတော့မပါပါ။ ခြေထောက်နဲ့မြေပြင်ကြား အကွာအဝေးကိုတိုင်းထွာကြည့်မယ်ဆိုရင် ပေ ၅၀ လောက်တော့ ရှိမယ်ထင်ပါတယ်။ မြေဆွဲအားစီးကြောင်းအတိုင်း လေဟုန်စီးရတာ နှလုံးသားကို အေးနေရောပဲ။ ကျွန်တော်ဟာ ကြောင်တစ်ကောင်မဟုတ်ခဲ့။
"ကုတင်အောက်မှာ မကောင်းဆိုးဝါးတွေရှိတယ်"
ငယ်စဉ်ကလေးဘဝက ပြောခဲ့ဖူးတဲ့စကား။ ခုရောရှိနေသေးလား၊ ထွက်ခွာသွားကြပြီလား။ မင်းတို့ရှိရာရောက်လာမယ့်ငါ့ကို နွေးနွေးထွေးထွေး ပြုံးရွှင်ပွေ့ဖက်ပြီး ကြိုဆိုနေကြမှာလား။
အမှောင်ထုဟာ လာနေပြီ။ တစ်ရက်မှာ ဆောင်းရာသီရဲ့ မြောက်ပြန်လေအေးတွေတိုက်တယ်။ နောက်တစ်ရက်မှာ နှင်းတွေပိတ်ပိတ်ထူအောင်ကျတယ်။ နောက်တစ်ရက်မှာတော့ အရိုးထဲအသားထဲထိ ရွှဲရွှဲစိုလောက်တဲ့ အချိန်အခါမဟုတ် မိုးရွာသွားတယ်။ စတုတ္ထရက်မှာတော့ ကျွန်တော့်ရဲ့ဆန္ဒတွေလည်း အလံဖြူပြနေခဲ့ပါပြီ။ ငါတို့ရဲ့အနာဂတ်မဖြစ်ခဲ့တဲ့ညတွေဟာ အလကားပဲလား။ အဲဒီညတွေက အလကားမဟုတ်ဘူးလို့ တစ်စုံတစ်ယောက်က ကျွန်တော့်လက်ကိုဆုပ်ကိုင်ထားပြီးပြောပေးဖို့ တောင့်တခဲ့မိပါသေးတယ်။
ခေါင်းမာတယ်ဆိုတာလည်း အကန့်အသတ်တော့ရှိတာပေါ့။ ပါးစပ်ထဲမှာ သွေးအရသာကိုခံစားမိတယ်။
မျက်တောင်တစ်ချက်ခတ်လိုက်ရင် နေကြာပန်းခင်းကြီးကိုမြင်တယ်၊ နောက်တစ်ချင်ခတ်လိုက်ရင် လူအုပ်ကြီးကိုမြင်တယ်။ လူအုပ်ကြီးကတော့ လူအုပ်ကြီးအလုပ်ပဲလုပ်နေတာပေါ့။ အရာရာကိုတစ်ကပြန်စဖို့ အဝေးကြီးကိုထွက်သွားတယ်လို့ စကားလှအောင်ပြောရင်ရပေမယ့် တကယ်တမ်းတော့ အရှုံးပေးပြီးထွက်ပြေးတာပဲမဟုတ်လား။အမှောင်ထုဟာ လာနေပြီ။ မျက်တောင်တစ်ချက််ခတ်လိုက်ရင် နေကြာပန်းခင်းကြီးကိုမြင်တယ်၊ နောက်တစ်ချက်ခတ်လိုက်ရင် ဗလာနတ္ထိကိုမြင်တယ်။ ငွေရေးကြေးရေး၊ စီးပွားရေးကိစ္စကြောင့်လား။ ရည်းစားကထားသွားလို့လား။ ကျန်းမာရေးအခြေအနေတစ်ခုခုရှိနေလို့ပဲလား စသည်ဖြင့်ပေါ့၊ ကျွန်တော်ဟာ သူတို့တွေရဲ့ပါးစပ်ဖျားမှာ တစ်ရက်နှစ်ရက်လောက်တော့ ရှိနေဦးမယ်ထင်ပါတယ်။ နာရီလက်တံတွေဟာ အချိန်နဲ့အမျှ စက္ကန့်တိုင်းကိုလောင်ကျွမ်းနေတယ်။ ထင်ကြေးတွေအမျိုးမျိုးပေးကြတဲ့ လူတွေတိုင်းလည်းသိပါတယ်။ အမှောင်ထုဟာ လာနေပြီ။