"၁၉၈၆ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့။"
တိတိကျကျရေးမှတ်ထား၍ နေ့ထူးနေ့မြတ်တော့ မဟုတ်ရပါလေ။ ကျွန်တော့်၏ ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့ရက်လေးဖြစ်သည်။ ထို့ကြောင့် အိမ်တွင် လူစုံသည်။ ဘေးအိမ်မှ စောနေလင်းနှင့် စောနေမင်းတို့ အမြွှာညီအစ်ကိုတို့လည်း ရောက်နေကြသည်။ ကျွန်တော့်မေမေက မုန့်ဟင်းခါးနှင့် ဧည့်ခံကျွေးမွေးလေသည်။ မိုးတအေးအေးနှင့် ပူပူနွေးနွေးမုန့်ဟင်းခါးက သိပ်ကိုပနံသင့်လှပေသည်။ အမေ့လက်ရာမို့ စား၍မြိန်သည်။ ကျွန်တော်သည်ပင် မုန့်ဟင်းခါးထဲ ပဲကြော်ကလေးတွေ ဖဲ့ထည့်ပြီး လွေးလိုက်သေးသည်။
"အာ့"
မီးဖိုချောင်ဆီမှ ထွက်လာသော အော်သံဖြစ်ပေသည်။ ယင်းအော်သံကြောင့် ထမင်းစားပွဲဝိုင်းတွင် မုန့်ဟင်းခါးထိုင်စားနေသူများအားလုံး ခေါင်းထောင်သွားကြသည်။ ကျွန်တော်တို့ကို ဟင်းရည်လိုက်ငှဲ့ပေးနေသော ဒေါ်လေးငွေသည် ချက်ချင်း မီးဖိုချောင်သို့ ပြေးဝင်သွားသည်။ ကျွန်တော်လည်း စားပြီးပြီမို့ ပန်းကန်ဆေးရန် လိုက်ဝင်သွားသည်။
"သတိထားမှပေါ့ ထွေးရယ်...။ ထွေးတစ်ခုခုဖြစ်ရင် ငွေ အဟုတ်တကယ်ရင်ပူရတယ်။"
ထွေးဆိုသည့်သူမှာ ကျွန်တော့်၏ အကြီးဆုံးအစ်မဖြစ်သည်။ မောင်နှမခုနစ်ယောက်အနက် မမကြီးသည် အလှဆုံး၊ အလိမ္မာဆုံးလေးဖြစ်သည်။ အငယ်ဆုံးဖြစ်သော ကျွန်တော်နှင့် ဆယ်နှစ်မက အသက်ကွာလေသည်။ ကျွန်တော့်အထက်က အစ်ကို၊ အစ်မများအားလုံး အိမ်ထောင်ကိုယ်စီနှင့် အဝေးသို့ ခွဲထွက်သွားကြပြီဖြစ်သည်။ သို့သော် မမကြီးကတော့ အိမ်ထောင်ပြုရန် အစီအစဉ်မရှိပါဟု အမြဲတစေ ပြောတတ်သည်။
"ခြေဖမိုးပေါ် ဟင်းရည်လေး နည်းနည်း စင်ကျရုံပါကွယ်။"
"အို...အဲ့တာနည်းနည်းလား။ ထွေးအသားအရည်က နုနယ်လှတယ်၊ ဟင်းရည်ကို ခဏကမှ မီးဖိုပေါ်က ချထားတာ။ အရည်ကြည်ထမှာပေါ့။"
"အဲ့သလိုဖြစ်ရင် ငွေကပဲ ဂရုစိုက်ပေးပေါ့ကွယ် နော့်။"
ကျွန်တော်သည် ပန်းကန်ဆေးနေရင်းမှ မော့ကြည့်မိသည်။ ဒေါ်လေးငွေသည် မမကြီး၏ ခြေဖမိုးကို ဆောင့်ကြောင့်ကလေးထိုင်ကာ ကြည့်နေလေသည်။ မမကြီးကတော့ ဖြန့်ချထားသည့် ဒေါ်လေးငွေ၏ ဆံနွယ်ကိုသာ ပွတ်သပ်ပေးနေသည်။ ယင်းနောက် ဒေါ်လေးငွေသည် ကျွန်တော့်ကို သတိထားမိပြီး ပြုံးပြပါသည်။
YOU ARE READING
ခေါင်းစဉ်မမှန်သည့်သံယောဇဉ်
Short Storyယခင်က အခြား account တစ်ခုနှင့် တင်ခဲ့ဖူးသော storyတစ်ပုဒ်။ မှတ်မိသောသူများ မှတ်မိပါလိမ့်မည်။😉