အခန်း (၆)

2.6K 252 27
                                    

နေ့ရက်များ တရွေ့ရွေ့ပြောင်းလာခဲ့ပြီး မာယာတို့လည်း တတိယနှစ်သို့ပင် ရောက်လာခဲ့ကြသည်။ ၂၀၀၉ခုနှစ်တွင် မာယာ့အဖေနှင့်အမေ တရားဝင်ကွာရှင်းပြတ်စဲပြီးကြသည်မှာ ၁နှစ်ကျော် ရှိသွားခဲ့ပြီ။ သူမအတွက်တော့ ကျန်သည့်အရာများ ထွေထွေထူးထူးပြောင်းလဲသည်မရှိပါ။ တရားရင်ဆိုင်ဖို့တော့ ရုပ်ပေါက်လွန်းသည်ဟုဆိုသောဖေဖေက မာယာ့အား အမေနှင့်မနေရစေရန်အတွက် တရားရင်ဆိုင်ခြင်းမှလွဲပြီး နည်းလမ်းမျိုးစုံထုတ်ကာ ကြိုးပမ်းသည်။ သူမကို မခွဲနိုင်လွန်း၍လား၊ အမေ့ကိုနိုင်ချင်၍လား သူမ မသိပါ၊ သိလည်းမသိချင်ပါ။

မာယာပန်းချီများဆွဲကာ ထိုပန်းချီများကို အမေ့အသိများမှတစ်ဆင့် ရောင်းချခဲ့သည်မှာ ကြာပါပြီ။ အမေနှင့် အတူမနေရသော်လည်း အမေက သူမကို အမြဲဂရုတစိုက် ရှိပါသည်။ သို့သော် အတူတူနေရဖို့အထိတော့ သူလည်း လိုလားတော့ဟန်မပေါ်ပါ။ အတ္တကြီးလွန်းသည့်အဖေနှင့်ပြိုင်၍ မာယာ့ကို မြေစာပင်ဖြစ်စေမှုအပေါ် အမေက အားနာတတ်ပုံတော့ပေါ်ပါသည်။ ဆက်ရလျှင် ပန်းချီကားများနှင့်ပတ်သက်၍ မာယာစီးပွါးဖြစ်တော့ သိပ်မလုပ်ခဲ့ပါ။ သို့သော် အဖေ့ငွေများနှင့် ခြေဆုံးခေါင်းဆုံး သုံးမည့်အစား သူမကိုယ်တိုင်ရှာသည့်ငွေ၏ အရသာကိုလည်း မြည်းစမ်းချင်လှသဖြင့် ပန်းချီကားများ ရောင်းခြင်းသာဖြစ်သည်။

"နွယ်ရယ် ပန်းချီတွေကို ဆွဲတာ မရပ်ပစ်ပါနဲ့ သိပ်နှမြောဖို့ကောင်းတယ်ကွယ်"

သန်လျင်မြို့ထဲရှိ လမ်းဘေးအအေးဆိုင်တစ်ခုတွင် ညိုနှင့်သူမ အတူထိုင်နေချိန် ညိုက ထိုသို့ပြောလာသည်။

"ဟင် သိရဲ့လားလို့ နွယ်"

နွယ် ဟု ညိုပထမဆုံးခေါ်တုန်းကအချိန်ကို တမ်းတမိသည်။ အချိန်များ တကယ်ပင် ကြာခဲ့သည်ပဲ။ အခုထိ ခံစားချက်တွေကို မျိုသိပ်ထားရုံကလွဲ သတ္တိရှိရှိ ထုတ်မပြနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မာယာမုန်းတီးပါသည်။

"သိပါတယ် ညိုရယ်။ ငါလည်း အမေ့ကိုအဆက်သွယ်လုပ်တိုင်း အဖေနဲ့ရန်ဖြစ်ရတာကို မုန်းလွန်းလို့ တွေးမိတွေးရာ တွေးလိုက်တာပါ။ ပန်းချီတွေမှ မဆွဲရရင် ငါသေမှာပဲ"

တိမ်လိုမြူလိုDonde viven las historias. Descúbrelo ahora