(35)
"သူဌေး.. ဖုန်းတစ်ကောလ် လာသွားပါတယ် ...."
ရုံးခန်းထဲ ဆုံလည်ကုလားထိုင်ပေါ်က လူက ခေါင်းကို ခပ်ဖြည်းဖြည်း မော့ကြည့်တယ်။ နောက်ပြန်လှန်ဖီးထားတဲ့ သူ့ဆံပင်က သုံးလေးမျှင်လောက် အရှေ့ကို လျော့ရဲကျနေပြီး ပင်ပန်းနေတဲ့ ပုံပန်းသဏ္ဍာန်ကို ဖော်ကျူးနေတယ်။ သူ့မျက်နှာထားအရတော့ အလွန်တရာ ဒေါသထွက်နေမှန်း သိသာတယ်။ ဒီရက်ပိုင်းတွေမှာ ဉာဏ်ကောင်းတဲ့ဝန်ထမ်းတိုင်း သူ့တို့ဘာလုပ်လုပ် သတိကြီးကြီးထားရမယ်လို့ သိကြလေတယ်။
"ပြော၊ ဘယ်ကဆက်တာလဲ" သူ့လေသံထဲ စိတ်မရှည် လက်မရှည် ဖြစ်နေတာတွေက အတိုင်းသား။
ဒီစကားရဲ့ အေးစက်စက် လေသံကြောင့် အမျိုးသမီးအတွင်းရေးမှူးက တုန်လှုပ်သွားတယ်။ သူက ချက်ချင်းမတ်တပ်ထရပ်လို့ လည်ချောင်းကိုရှင်းလိုက်ပြီး ပြန်ဖြေတယ် "ဖုန်းထဲကလူ ပြောတာကတော့ သူက ရှန်ဖန်မိသားစုက အိမ်တော်ထိန်းပါတဲ့၊ သူ့သခင်က သူဌေးကို တစ်ခါလောက်တွေ့ချင်တယ်လို့ ပြောပါတယ်၊ ပြီးတော့ သူဌေးရဲ့ညီလေးနဲ့ပတ်သက်ပြီး နည်းနည်းပါးပါး ဆွေးနွေးချင်လို့ပါတဲ့"
ညီလေးဆိုတဲ့ စကားလုံးနှစ်လုံး ထွက်လာပြီးပြီးချင်းမှာတော့ နဂိုက စိတ်မဝင်စားသူရဲ့လေသံက ရုတ်တရက် ဒီဂရီအတော်လေး မြင့်တက်သွားတယ် "ရှန်ဖန်!.. ငါ့ညီလေး!!.."
အမျိုးသမီးအတွင်းရေးမှူးက လန့်ဖြန့်သွားတယ်လေ။ သူက အတွင်းရေးမှူးဖြစ်တာ သုံးနှစ်နီးပါးရှိပြီ။ သူ့နှလုံးသားထဲမှာတော့ သူ့သူဌေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာကောင်းတဲ့ လူတစ်ယောက်။ အလုပ်နဲ့ ပတ်သက်လာရင် အမြဲတမ်း ထိန်းချုပ်နိုင်စွမ်းရှိပြီး စွမ်းဆောင်ရည် မြင့်မားတယ်။ လက်အောက်ငယ်သားတွေအပေါ်မှာ မကြမ်းတမ်းသလို နူးလည်း မနူးညံ့ဘူး။ ဒါပေမယ့် အခုတလောမှာတော့ သူတို့သူဌေးက ဘာကြောင့်မှန်းမသိ အမြဲ မှုန်ကုပ်ပြီး စိတ်တိုတဲ့ အမူအရာမျိုးတွေ ဖြစ်နေတယ်။ တစ်နေ့လုံးလည်း မသာမယာ ဖြစ်နေလေတယ်။ စိတ်ထဲ အနှောင့်အယှက်ဖြစ်စရာတွေများ ရှိနေလားလို့ သူကထင်တယ်။