ညတွေဆီကနေ
ကြိမ်ဖန်များစွာလန့်နိုးခဲ့ရပါကြောင်း
သတင်းကောင်းပါးလိုက်ပါရစေ။
ဒီတခါခင်ဗျားကိုမြင်ရင်
ည တရေးနိုးလည်း မျက်လုံးမဖွင့်တော့ဘူး
နေ့ တရေးနိုးလည်း မထတော့ဘူး
ကျွန်တော် အိပ်မက်တွေကို လိုက်ဖမ်းနေတော့မှာ။လူ့ဘဝဟာ ပန်းခင်းလမ်းလည်းဖြစ်နိုင်ရဲ့
နှင်းဆီရိုးလည်းဖြစ်နိုင်ရဲ့
ဘဝနဲ့ရင်းပြီးနင်းမှ ကျိုးမယ့် ဆူးတွေနဲ့။ဒီတခေါက်လွန်ရင် ဘာတွေ့ရမလဲ
ဟောဒီဘဝလွန်ရင် ဘာဆက်ဖြစ်မှာလဲ
ကျွန်တော်ကတော့
ဘယ်ဘူတာဆိုက်ဆိုက် ခင်ဗျားကိုပဲလိုက်ရှာနေမှာ။သံသရာမှာလက်ပဲလှမ်းလှမ်း ရေပဲကမ်းကမ်း
ခေါင်းရမ်းငြင်းမယ့်သူကို
စိတ်မပျက်စတမ်းစောင့်နေပါကြောင်း
ထပ်လောင်းပြောလိုက်ပါရစေ
ခင်ဗျားပြောရင် ရေလည်း အဆိပ်၊ အဆိပ်လည်း ရေ ပါ။ကောင်းကင်ကိုမော့ကြည့်တဲ့အခါ
ကြယ်တွေကြားမှာ မနှင်းဆီကိုတွေ့တယ်
မျက်လုံးမှိတ်လိုက်တော့လည်း
မျက်လုံးအိမ်နဲ့မျက်ခွံကြား
မနှင်းဆီဆိုတဲ့နာမ်စားဟာ
ခပ်ပါးပါးနဲ့ဖွဖွကလေး ညှပ်မိနေလေရဲ့။ဘယ်လောက်ပြေးလာရပါစေကွယ်
သံသရာတထောင့်မှာ ခင်ဗျားစောင့်မယ်ဆို
ယုန်ကိုမရှုံးဖို့ လိပ်က မနားသလိုမျိုး
စံကားဝါခူးဖို့ ဗျတ္တ မနားသလိုမျိုး
ကျွန်တော် ခင်ဗျားဆီဦးတည်ပြီးလာမှာဖြစ်ကြောင်း
အပိုဆောင်းပြောလိုက်ပါရစေ။
![](https://img.wattpad.com/cover/364218528-288-k430618.jpg)