Part 1

1.7K 20 0
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"

"အပိုင်း(၁)"
……………………………

ရန်ကုန်မြို့ကြီးတစ်မြို့လုံးစိုစွတ်ထိုင်းမှိုင်းနေသော နေ့တစ်နေ့ဖြစ်သည်။ မိုးလင်းကတည်းက အုံ့မှိုင်းကာ တအီအီရွာနေသော မိုးသည် မိုးချုပ်သည့်တိုင်အောင် ရွာကောင်းနေ၏။ နေသည် ထွက်လိုက်ရသည်မရှိဘဲ စောစောစီးစီးပြန်ဝင်သွားသည့်ပုံပင်။ညနေ ၆ နာရီဆိုသည့် အချိန်တွင် မိုးစုန်းစုန်းချုပ်နေပြီဖြစ်သည်။

မကြာမီဝင်ရောက်လာနိုင်မည့် မုန်တိုင်းကို တစ္ဆေတစ်ကောင်အလား လူတွေထိတ်လန့်နေကြသည်။

စိုးရိမ်ပူပန်စွာပြောဆိုနေကြသည်။ မိမိနေထိုင်ရာအရပ်သို့ အလောတကြီး ပြန်နေကြသည်။ မိုးဖွဲဖွဲများအောက်တွင်မြို့ကြီးသည် အေးစက် တိတ်ဆိတ်လို့နေ၏။

ရေဒီယိုတွင်လည်း မုန်တိုင်းအကြောင်းကိုပဲ အဆက်မပြတ်ကြေငြာ သတိပေးလျက်ရှိသည်။

နေရာအနှံ့ မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း ကမ်းရိုးတန်းဒေသများမှ ပြည်သူများအနေဖြင့် စိတ်ချလုံခြုံရာနေရာသို့ ပြောင်းရွှေ့ထားသင့်ကြောင်း မုန်တိုင်း၏အခြေအနေမှာ အနီရောင်အဆင့်သို့ပြောင်းလဲပြီး အင်အားကောင်းသော မုန်တိုင်းအဖြစ် ဝင်ရောက်လာမည် ဖြစ်ကြောင်း အချိန်နဲ့တပြေးညီ သတင်းလွှင့်ပေးလျက်ရှိသည်။
          
ဘုန်းသစ်မင်းသည် တအီအီရွာနေသော မိုးကို စိတ်ပျက်လက်ပျက် မော့ကြည့်နေမိသည်။ ရုံးခန်းမှ အထွက် ကားပါကင်ဆီသို့ ထီးဖွင့်ပြီး သွားရမှာပင် သူ မသွားချင်။ စိုစိုစွတ်စွတ်ထဲ မသွားချင်သလို ကရိကထများလွန်းသည့် မိုးရာသီကို သူ မနှစ်သက်သောကြောင့် ဖြစ်သည်။
          
"ရတယ် လိုက်မပို့နဲ့တော့"
           
ထီးဖွင့်ပြီး လိုက်ပို့မည် ပြင်နေသည့် လုံခြုံရေးဦးလေးကြီးဆီမှ ထီးကိုယူပြီး ကားပါကင်သို့ ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။ ဖုန်းမြည်သံ ကြားနေရသည်။ မေမေဆီကပဲ ဖြစ်မည်။
            
မေမေသည်လည်း တစ်နေ့လုံးလိုလို  ဖုန်းဆက်နေသည်။ အသက်သုံးဆယ့်နှစ်နှစ်အရွယ် သူ့သားကို ကလေးတစ်ယောက်လို စိတ်မချ ဖြစ်နေပုံရသည်။ မျက်စိရှေ့မရောက်မလာချင်း အဆက်မပြတ် ဆက်သွယ်နေတော့၏။
          
"လာပြီ မေမေရေ…လာပြီဗျ"
           
စိုရွဲနေသော ထီးကိုပိတ်ပြီး ဖုန်းကို ကမန်းကတန်း ကိုင်ရသည်။ မိုးစိုလျှင် စိတ်တိုတတ်သည့် သူညာဉ်ဆိုး ရှိသော်လည်း မေမေ့ကိုတော့ စိတ်တိုတိုင်း မအော်ရဲပေ။ ထို့ကြောင့် အသံကိုရော စိတ်ကိုပါ အတတ်နိုင်ဆုံး လျှော့ထားရသည်။
          
"ဘယ်ရောက်နေပြီလဲ သား"
           
"အခု ထွက်လာပြီ မေမေ"
            
"ကြည့် ဘာလို့အခုမှထွက်လာရတာလဲ။ ရာသီဥတုမကောင်းလို့ ရုံးစောစောဆင်းလာလို့ ပြောထားရက်သားနဲ့ကို"
           
"အင်းပါ အခု လာနေပြီ…မုန်တိုင်းထွက်မယ့် အချိန်ကို စောင့်နေလို့ နောက်ကျသွားတာ"
           
"အခုမှ မုန်တိုင်းကဝင်တာကို…ဘယ်လိုလုပ် ထွက်ဦးမှာလဲ။ မိုးစိုမှာ စိုးတာနဲ့ ဆင်ခြေက ပေးပြီ"
           
"အဟင်း "
            
သူရယ်တော့ မေမေအသံက မကျေမနပ်ဖြစ်လာ၏။
            
"မိုးစိုတာ လဲလို့ရပါတယ် သားရယ်.. လေတွေ တအားတိုက်လို့ မေမေကြောက်ပါတယ်ဆို"
             
"ဘာကြောက်စရာရှိလဲ မေမေရယ် …မိုးပြိုအများပေါ့ မဟုတ်ဘူးလား"            
             
"မင့် ပြောလိုက်ရင် အဲ့ဒီလိုချည်းပဲ…မိုးပြိုမယ်ဆိုရင်တောင် မေမေတို့ အတူတူရှိနေရင်ပိုမကောင်းဘူးလား။  သဘာဝဘေးအန္တရယ်ဆိုတာ ဘယ်တော့မှကြိုတွက်လို့မရဘူး"
             
မေမေစကားကြောင့် သူကျေနပ်စွာပြုံးလိုက်မိသည်။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now