အပိုင်း (၃)
နောက်တစ်နေ့မနက် ရွယ်ယန်နိုးလာသည့်အချိန်တွင် ထီကျစ်က သူ(မ)လက်မောင်းများထဲ အိပ်ပျော်နေဆဲဖြစ်သည်။
သူ(မ)ရဲ့ပိုင်ဆိုင်ရာလေးများကို စုပြီး ဘေးပတ်ဝန်းကျင်အား စိတ်မသက်သာစွာကြည့်ပြီး ထီကျစ်ကိုဖက်ကာ အရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။
လေးနှစ်ခွဲအရွယ်ကလေးမလေးတစ်ယောက်အနေဖြင့် သူ(မ)ဘာသာတောင် ခရီးဝေးဝေးမလျှောက်နိုင်ပဲ လက်ထဲတွင် ဖက်ထုပ်လုံးလေးကိုပါ ချီထားရသေး၏။
အကွာအဝေးတိုတိုတစ်ခုကို လျှောက်ပြီးနောက် ရွယ်ယန်မှာ မနေနိုင်တော့ဘဲ နားရန် မြေကြီးပေါ် ထိုင်ချလိုက်သည်။
သူ(မ)နှင့် သိပ်မဝေးသည့်နေရာတွင်တော့ သတိလစ်နေသည့် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်က မြေပေါ် လဲလျောင်းလျက်ရှိ၏။
သိပ်မကြာခင် ကောင်မလေးက မျက်လုံးများ ပွင့်လာ၏။ သူ(မ)အသိပြန်ရလာသည့်အခိုက်တွင် ခေါင်းက နာကျင်စွာ ကိုက်ခဲလာသည်။
ရှန်နျန် သူ(မ)ရဲ့နားထင်ကို ဖိပြီး ခေါင်းရှုပ်စွာဖြင့် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။
မရင်းနှီးသည့်တိုင် အလွန်မစိမ်းသက်လှသည့် ပတ်ဝန်းကျင်က သူ(မ)ကို ပို၍ပင် စိတ်မသက်မသာဖြစ်စေ၏။ သူ(မ) ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သော်လည်း တစ်ခုခုက မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။
သူ(မ)ရဲ့ ခန္ဓာကိုယ်.....သေးသေးလေး ဖြစ်နေတယ်!
ရှန်နျန်တစ်ယောက် သူ(မ)ရဲ့လက်များကို ကြည့်ပြီး မျက်မှောင်ကြုတ်ထားလိုက်သည်။ ထိုလက်ပုတိုတိုလေးများက သေချာပေါက် အသက်နှစ်ဆယ်အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်သည့် သူ(မ)ရဲ့လက်များ ဟုတ်မနေချေ။
ပြီးတော့ သူ(မ) အခုလေးတင် အားယန်ရဲ့အသုဘမှာမဟုတ်ဘူးလား?
အားယန်....
ရှန်နျန် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ဒီနေရာ....သူ(မ) မှတ်မိပြီ!
ဒါ သူ(မ)နဲ့ အားယန် ပထမဆုံးတွေ့တဲ့နေရာပဲ!
ရှန်နျန် မျက်လွှာချလိုက်သည်။ မဟုတ်မှလွဲ...သူ(မ) ပြန်မွေးဖွားလာတာလား?
အမှန်တကယ် ပြန်မွေးဖွားလာတာဆိုလျှင်တော့ ရှန်နျန်အတွက် ကောင်းသောကိစ္စပင်။ အနည်းဆုံးတော့....
သူ(မ)က နူးညံ့စွာ ရေရွတ်လိုက်သည်။
“အားယန် ဒါသာ အစစ်အမှန်ဖြစ်ခဲ့ရင်လေ ဒီတစ်ခါတော့ နင့်ကို ငါ သေချာပေါက် ယုံကြည်ပေးမှာ နင့်ကို ထပ်ပြီး မနာကျင်စေရတော့ဘူး..”
သူ(မ)ရဲ့လက်ရှိအခြေအနေကို သုံးသပ်ပြီးနောက်တွင် ရှန်နျန်လည်း တည်ငြိမ်သွား၏။ သူ(မ)က နောက်ထပ်ဘာဖြစ်မလဲကို ပြန်အမှတ်ရစေရန် ခက်ခက်ခဲခဲကြိုးစားလိုက်သည်။
သူ(မ) အတွေးထဲနစ်မျောနေချိန် အရှေ့ရှိ ချုံပုတ်များမှ အသံဖျဖျလေးကို ကြားလိုက်ရသည်။
ရှန်နျန် နှုတ်ခမ်းများကို ဖိပိတ်ထားပြီး မသိစိတ်အရ ခြေတစ်လှမ်း နောက်ဆုတ်မိသွားသည်။ သို့ရာတွင် အသံကြားပြီးနောက် ဘာမှဆက်ဖြစ်မလာခဲ့ချေ။
ရှန်နျန် ဂရုတစိုက် ချုံပုတ်နားသို့ ချဉ်းကပ်သွားပြီး ကျိုးတိုးကျဲတဲအရွက်များကြားမှ ချောင်းကြည့်လိုက်သည်။ သူ(မ)တွေ့လိုက်ရသည်မှာ ကုပ်ကုပ်ကလေးထိုင်နေသည့် ချစ်စဖွယ်ကောင်မလေးတစ်ယောက်။
ကလေးမလေးက သူ(မ)ရဲ့ကျောပိုးလွယ်အိတ်လေးထဲမှ သကြားလုံးတစ်လုံးကို ထုတ်ကာ တုံ့ဆိုင်းနေပြီးနောက်မှ သူ(မ)ပါးစပ်ထဲ ထိုးထည့်လိုက်သည်။
ရှန်နျန်ရဲ့မျက်လုံးများက ချက်ချင်းနီမြန်းလာပြီး မနေနိုင်အောင် ရှိုက်သံသဲ့သဲ့လေး ထွက်လာကာ
“အားယန်....”
ရွယ်ယန် သူ(မ)ကိုယ်တိုင်အတွက် သကြားလုံးတစ်ပိုင်းစားပြီးနောက် ထီကျစ်ကို ကျွေးရန်အတွက် နောက်ထပ်သကြားလုံးတစ်လုံး ထွက်လာစေရန် လွယ်အိတ်ကို ထပ်၍ တစမ်းစမ်းလုပ်လိုက်ပြန်၏။
သို့သော် ထီကျစ်က ရုတ်တရက် တစ်နေရာသို့ ထွက်ပြေးသွား၏။ သတိလက်လွတ်ဖြစ်သွားပြီး ရွယ်ယန်တစ်ယောက် သူ့အနောက်ကနေ မြန်မြန်ပြေးလိုက်လေသည်။
“ထီကျစ် ဘယ်သွားမလို့တုန်း? အား!”
ထီကျစ်နောက်ကို ပြေးလိုက်နေစဉ် ရွယ်ယန်မှာ သူ(မ)ရှေ့တွင် ရပ်နေသော ကောင်မလေးတစ်ယောက်ကြောင့် အထိတ်တလန့်ဖြစ်သွား၏။
ထီကျစ်က ရှန်နျန်အား ခြိမ်းခြောက်မှုနှင့် နည်းနည်းလေးမှမတူသည့် သူ့ရဲ့နူးညံ့သည့် အသံပိစိလေးကို အသံကုန်ခြစ်အော်ပြီး ကြမ်းတမ်းနိုင်သလောက် ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်သည်။
ထိုအခါမှပင် ရွယ်ယန်မှာ ထီကျစ်ရဲ့ပုံမှန်မဟုတ်သောအပြုအမူကို သတိထားမိလိုက်သည်။ သူ(မ)က ထီကျစ်ကို ကောက်ချီလိုက်ပြီး ရှန်နျန်အား တောင်းပန်စွာဖြင့်
“တောင်းပန်ပါတယ်! ထီကျစ် လိမ်လိမ်မာမာနေလေ!”
သို့သော် ရှန်နျန်မှာတော့ မနေနိုင်အောင် ရယ်မိသွား၏။ အဲ့တော့ သူ့ကို ထီကျစ်လို့ နာမည်ပေးထားတုန်းပဲပေါ့...
သူ(မ) ညင်သာစွာဖြင့်
“ငါ့နာမည်က ရှန်နျန်၊ ကလေးလေး နင့်နာမည်ကရော?”
ရွယ်ယန်က ချက်ချင်းဆိုသလို အလွန်သဘောကောင်းလှသည့်အနှီကျဲကျယ်အား သဘောကျသွားပြီး လုံးဝသတိမထားတော့ချေ။
“ငါ့နာမည်က ရွယ်ယန် ဒီပါပီလေးက ထီကျစ်”
ရှန်နျန်မှာ မျက်ရည်မကျမိစေရန် မနည်းထိန်းချုပ်ထားပြီး ပြုံးရင်းဖြင့်
“ဒါဆို ငါနင့်ကို အားယန်လို့ ခေါ်လို့ရမလား?”
ရွယ်ယန်က လိမ္မာစွာဖြင့်
“ရတာပေါ့! မေမေရော ရှောင်ကျဲကောကောရော ပြီးတော့ ကျဲကျယ်အားမန်ရော အဲ့လိုပဲခေါ်တာ!”
ဆိုင်းမဆင့်ဗုံမဆင့်ဖြင့် ချောင်းကျဲရဲ့နာမည်ကို ကြားရချိန်တွင် ရှန်နျန်မှာ တစ်ဖန် အနည်းငယ်လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။ သူ(မ)ရဲ့ယခင်ဘဝက သူ(မ)နဲ့ ချောင်းကျဲတို့ အတူရှိခဲ့ကြသော်လည်း နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ရသည်။
ရွယ်ယန်က ရှန်နျန်အရှေ့တွင် လက်လေးကို ဝှေ့ယမ်းပြီး
“နျန်နျန် ဘာတွေတွေးနေတာလဲ?”
ရှန်နျန်မှာ အသိများ ပြန်ဝင်လာပြီး သူ(မ)လက်ကို ကိုင်ကာ
“အားယန် ဒီကိုဘယ်လိုဖြစ်ပြီး ရောက်နေတာလဲလို့ တွေးနေတာ”
ကလေးမလေးက ပျော်ရွှင်စွာ ရယ်ရင်း
“ငါက ဖေဖေ့ကို လာရှာတာ!”
ရှန်နျန်က သူ(မ)နှင့်မျက်လုံးချင်းဆုံနိုင်ရန် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး
“အားယန်က ဖေဖေ့ရဲ့အိမ် ဘယ်မှာလဲဆိုတာ သိလို့လား?”
ရွယ်ယန်ရဲ့အမူအရာမှာ ရုတ်ခြည်း တန့်သွားပြီး
“ငါ...ငါမသိဘူး”
ရှန်နျန်မှာ ရင်နာကာ ခြောက်ကပ်ကပ်ပြုံးလိုက်ပြီး
“ဒါဆို ငါနဲ့လိုက်ခဲ့ အားယန် ငါ နင့်အဖေကိုရှာဖို့ ခေါ်သွားပေးမယ်”
ရွယ်ယန်ရဲ့အဖေက သူ(မ)အား သည်းသည်းနင့်နင့်ချစ်တာကို သူ(မ)သိသည်။ အဲ့ဒီမတော်တဆဖြစ်သွားပြီးနောက်မှာမှ....
ရွယ်ယန်က သူ(မ)မျက်လုံးများကို ပွတ်လိုက်ပြီး
“ဒါဆို နျန်နျန်ကရော ဒီကို ဘာလို့ရောက်နေတာလဲ?”
ရှန်နျန် ပြန်စဉ်းစားပြီး ရှင်းပြလိုက်သည်။
“ကိုယ့်ဘာသာကိုယ် ကစားဖို့ ထွက်လာခဲ့ရင်းနဲ့ ဒီကိုရောက်လာခဲ့တယ်ဆိုပါတော့၊ ခဏနေဆို ငါ့ကို လာရှာကြလိမ့်မယ် အဲ့ချိန်ကျရင် ငါတို့ ထွက်သွားလို့ရပြီ”
တကယ်တမ်းတွင် သူ(မ)က အိမ်ရှိသူ(မ)ရဲ့ ဆိုးညစ်တဲ့အမျိုးယုတ်တွေရဲ့ စွန့်ပစ်ခြင်းခံခဲ့ရခြင်းဖြစ်သော်လည်း ဒီအကြောင်းတွေကို အားယန်အား သူ(မ) မပြောပြချင်ပေ။ ကလေးမလေးကား ဤလောကကြီးကို နေရောင်ခြည်အလင်းရောင်နှင့် သက်တန့်များဖြင့် ပြည့်နေသည်ဟု မှတ်ယူထားလောက်သည်။
သံသယမဝင်လေးဘဲ ရွယ်ယန်တစ်ယောက် ကျေနပ်သွားကာ
“အို့ခေ! ဒါပေမယ့် နျန်နျန် နောက်တစ်ခါကျ အပြင်ထွက်ပြီး တစ်ယောက်တည်းမဆော့နဲ့တော့နော် ဟုတ်ပြီလား? အပြင်ဘက်က အားကြီးကြောက်ဖို့ကောင်းတာ”
ကလေးပေါက်စလေးက သူ(မ)အား သင်ခန်းစာပြန်ပို့ချပေးနေသည်ကို ကြည့်ပြီး ရှန်နျန်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။
“အိုခေ အိုခေ ပြီးတော့ အားယန်ကလည်း ဒီလိုမျိုး ထပ်မလုပ်ရတော့ဘူးနော်”
ရွယ်ယန်က နာခံစွာ ခေါင်းညိတ်ပြသည်။ သူ(မ)လည်း မှားတယ်ဆိုတာ သူ(မ)ကိုယ်တိုင် သိပေသည်။
သူ(မ)ရင်ခွင်ထဲရှိ တင်းကျပ်စွာ အဖက်ခံထားရသည့် ထီကျစ်မှာတော့ လွန်စွာဒေါသထွက်နေ၏။ အားယန် ဒီမိန်းမနဲ့ဝေးဝေးနေ! သူက နောင်ဆို နင့်ကို နာကျင်အောင်လုပ်တော့မှာ!
နောက်ဆုံးတွင် အဖော်ရသွားပြီဟူသော ပျော်ရွှင်မှုလေးဖြင့် ရွယ်ယန်တစ်ယောက် သူ(မ)အိတ်ကပ်ထဲရှိ သကြားလုံးကို တက်ကြွစွာ ထုတ်လိုက်ပြီး ရှန်နျန်ထံ ကမ်းပေးကာ
“နျန်နျန် သကြားလုံးစား”
ကလေးမလေး၏ နူးညံ့ဖြူဖွေးသော လက်ဖဝါးသေးသေးလေးထဲတွင် နို့သကြားလုံးတစ်လုံး ရှိနေ၏။ ရှန်နျန် သူ(မ)လက်ထဲမှ သကြားလုံးကို ယူလိုက်ပြီး သူ(မ)ရဲ့ခေါင်းလေးအား ညင်သာစွာ ဖွလိုက်သည်။
“အားယန် မနေ့ကဘယ်အချိန်တုန်းက အိမ်က ခိုးထွက်လာတာလဲ?”
ရွယ်ယန် ခက်ခက်ခဲခဲ စဉ်းစားလိုက်ပြီး အလေးအနက် ပြန်ဖြေလာခဲ့သည်။
“မနေ့ညက ပြေးထွက်လာခဲ့တာ”
ရှန်နျန် သူ(မ)လက်ကိုကိုင်ရင်း သစ်ပင်တစ်ပင်အောက်တွင် ထိုင်ကာ
“အားယန် အခုဗိုက်ဆာနေပြီလား?”
ရွယ်ယန်က ဗိုက်လေးကို ကိုင်ပြီး အနည်းငယ် ရှက်ရွံ့နေဟန်လေးဖြင့် ဝန်ခံလေသည်။
“နည်းနည်းသေးသေးလေးတော့ ဆာတယ်”
ရှန်နျန် သူ(မ)ရဲ့ဖောင်းဖောင်းကစ်ကစ်ပါးပြင်လေးကို နှစ်သိမ့်စွာဖြင့် ညှစ်လိုက်ပြီး
“ငါတို့တွေ ခဏနေဆို ထွက်သွားလို့ရပြီ၊ အဲ့ခါကျရင် အားယန်ကို အရသာရှိတာတွေ ကျွေးမယ်နော်”
ရွယ်ယန်ရဲ့မျက်လုံးများက ပျော်ရွှင်စွာ ကွေးညွှတ်သွားပြီး
“ရေးး!”
ရှန်နျန် သူ(မ)မှတ်မိတာ မှန်မည်ဆိုလျှင် သူ(မ)မိသားစုက သူ(မ)ကိုယ်ပေါ်တွင် ဖွက်ထားသည့် တည်နေရာပြစက်ပေါ်အခြေခံ၍ မကြာခင် ရှာတွေ့လိမ့်မည်ပင်။
“နျန်နျန်! နျန်နျန်! “
လင်ရိဖုန်ရဲ့အော်ခေါ်သံက အနောက်နေ ထွက်လာ၏။
ရွယ်ယန်ရဲ့လက်ကို ဆွဲကာ ရှန်းနျန် လျှောက်သွားလိုက်သည်။
ရှန်နျန်ကို မော့ကြည့်ပြီး ရွယ်ယန်ရဲ့မျက်လုံးလေးများက တောက်ပနေလျက်ရှိ၏။
“နျန်နျန် အဲ့ဒါနင့်ကိုလာရှာတဲ့ နင့်မေမေလား?”
ရှန်နျန် ပြုံးပြီး ကလေးမလေးရဲ့ဆံမြိတ်ကို ဘေးသို့ ဖြီးပေးရင်း
“ဟုတ်တယ် ငါနဲ့ပြန်လိုက်ခဲ့နော် အားယန်၊ ငါ နင့်အဖေကို ကူရှာပေးမှာ ကောင်းတယ်မလား?”
ရွယ်ယန်က ပြတ်သားစွာ ခေါင်းမညိတ်ခင် တစ်ခဏစာလေး တုံ့ဆိုင်းနေပြီးနောက်မှ
“အို့ခေ!”
မထိန်းချုပ်ထားနိုင်စွာဖြင့် ရှန်နျန်နှာ ရွယ်ယန်ရဲ့မျက်နှာနုနုလေးကို တစ်ဖန်ဖျစ်ညှစ်မိသွားပြန်၏။
သူတို့ အရှေ့သို့လျှောက်နေရင်း သူ(မ)အမေနဲ့ သူ(မ)အမေခေါ်လာသည့် လူကြီးများကို မတွေ့ခင်အထိ ရှန်နျန်တစ်ယောက် အသံပြန်မပေးချေ။
“မေမေ သမီးဒီမှာ!”
သူ(မ)သမီးလေးရဲ့အသံကို ကြားရချိန်တွင် လင်ရိဖုန်မှာ ရုတ်ခြည်း မျက်ရည်ကျလာ၏။ သူ(မ)က အရှေ့သို့ ပြေးသွားပြီး ရှန်နျန်အား တင်းကျပ်စွာ ဖက်ကာ
“နျန်နျန် အမေ့ရဲ့နျန်နျန်လေး...”