ကျွန်တော်သေပြီထင်ပါတယ်..။
ကျွန်တော် လက်မှာမြင်နေရတာက သွေးတွေနေမှာပါ..။
ခပ်လှမ်းလှမ်းမှာလည်းအတုံးအရုံး နဲ့..။ကျွန်တော်သူငယ်ချင်းတွေပေါ့။ တေဇ တို့ ၊ ညိုကြီးတို့ ။
တဝုန်းဝုန်းတအုန်းအုန်းနဲ့ပေါက်ကွဲထွက်နေတဲ့ဗုံးသံ ၊ကျည်ဆန်သံ တွေကိုကျွန်တော်အတိုင်းသာမြင်နေရကြားနေရတယ်..။
ကျွန်တော်သေပြီလား..။
ကျွန်တော်သေလို့မှမရသေးတာလေ။ ကျွန်တော်သေလို့မဖြစ်ဘူး ။ကျွန်တော်လုပ်စရာတွေအများကြီးကျန်သေးတယ် ။ကျွန်တော်အိမ်ပြန်ရဦးမယ် ။ကျွန်တော့်အမေ့ကိုရှာရဦးမယ် ။ကျွန်တော့်ကိုစောင့်နေတဲ့ချစ်ရသူရှိတယ်။ ကျွန်တော့်မှာ ရည်မှန်းချက်ရှိတယ် ။ ကျွန်တော်ကမ္ဘာပတ်ရဦးမယ် ။ ကျွန်တော့်ညီလေးကိုရောဂါပျောက်အောင်ဆေးကုပေးပြီး မွေးနေ့ကိတ်ခွဲပေးရဦးမယ်..။ကျွန်တော် စာတွေရေးချင်သေးတယ် ။ ကျွန်တော် အနုပညာတွေနဲ့နေချင်သေးတယ်...။
ကျွန်တော်တကယ်သေပြီလား..။
ကျွန်တော်ကံကောင်းအောင်လို့ ညတိုင်းရွတ်တဲ့ပဌာန်းပစ္စယနိဒ္ဒေသစာအုပ်လေးရော..။ ကျွန်တော် ပဌာန်းရွတ်မှဖြစ်မယ် ။ကျွန်တော် ကံကောင်းမှဖြစ်မယ် ။ကျွန်တော်သေလို့မဖြစ်ဘူး ။ ကျွန်တော်တစ်ခုခုလုပ်မှဖြစ်မယ် ။ကျွန်တော့ပဌာန်းစာအုပ်လေးရော ။ဝိုင်းရှာပေးကြပါဦး ။ ကျွန်တော် အသက်ရှင်ချင်တယ်...။..
မောင် မိုးမြင့်အောင်
အသက် ၂၅
"မောင် မိုးမြင့်အောင် ၊အသင်လွှတ်ရာကျွတ်ရာသွာရနိုင်ပြီ။ကျွန်ုပ်တို့နှင့်သက်ဆိုင်ခြင်းမရှိတော့"ကျွန်တော့်ကိုဘာလို့နှင်နေကြတာလဲ ။ကျွန်တော်ရှိတယ်လေ။ အစ်ကို ကျွန်တော်ဘေးမှာရပ်နေတယ်လေ။ ဘယ်သူမှမမြင်ကြဘူးလား ..ကျွန်တော့်ကို။ အစ်ကိုတို့မမြင်ရင်ကျွန်တော့်ကလေးလေးမြင်လောက်တယ်။ စုတ်ဖွားလေးရေ..သားလေး..ကလေးလေး..ဖေကြီးဒီမှာ..စုတ်ဖွားလေးရေ ..ဖေကြီးဒီမှာလေသားရဲ့..ဘာလို့ဟောင်နေတာလဲ။ဖေကြီးဆီလာပါဦး ကလေးရဲ့။ ဖေကြီးကိုမမှတ်မိတော့ဘူးလား။ ဖေ့သားလေးကကြီးလာလိုက်တာ။ အမွှေးပွပွနဲ့ချစ်စရာကောင်းလာလိုက်တာ၊ဖေကြီးက ဖေကြီးကိုဘယ်သူမှမမြင်လို့သားဆီလာတာ။သား..ဖေကြီးကိုမြင်တယ်မလား။ ဟောဟိုကညအစ်ကိုတို့ကိုပြောလိုက်ပါဦး..
ဖေကြီးဒီမှာ လို့...။ဟော..ကျွန်တော်မျက်ရည်ကျနေတယ်။ကျွန်တော်ငိုနေတာလား..။ကျွန်တော်ဝမ်းနည်းနေတာလား..။ဘာလို့လဲ ဟင်...။ကျွန်တော်သတိရတယ်ဗျာ့။ထမင်းအတူတူစားတာတွေ ။ထန်းရည်အတူတူသောက်တာတွေ။ပါးစပ်တီးလုံးနဲ့ကွေးနေအောင်ကခဲ့တာတွေ ...ကျွန်တော်နေချင်သေးတယ်..။ကျွန်တော်အသက်ရှင်နေသေးတယ်မလားဟင်...။ကျွန်တော်ကံကောင်းအောင်ပဌာန်းရွတ်မှဖြစ်မယ် ။ကျွန်တော်ကံကောင်းနေမှ အစ်ကိုတို့နားမှာအကြာကြီးနေနိုင်မှာ...".....
ကျွန်တော် ပဌာန်းရွတ်ရမယ်..။ရွတ်နေကျစာအုပ်လေးကျွန်တော့်ဘေးမှာတွေ့တယ်။ ကျွန်တော့်အိတ်ထဲကထွက်ကျသွားတာဖြစ်မယ်..။ဘာပဲဖြစ်ဖြစ်ကျွန်တော်ရွတ်နေကျပဌာန်းရွတ်မှဖြစ်မယ်..။ဘုရား က ကျွန်တော်တို့ကိုလမ်းပြမှာပဲ..။ကျွန်တော်တို့အိပ်မက်ရှိတဲ့နေရာ..။ကျွန်တော်တို့အိမ်ရှိတဲ့နေရာ..။စစ်မဖြစ်တဲ့နေရာ..။အေးချမ်းတဲ့နေရာ။စိမ်းလန်းစိုပြေသာယာဝပြောတဲ့နေရာ လေးတစ်ခုဆီကိုတော့ လမ်းပြပေးနိုင်မှာပဲ...။
"ဟေတုပစ္စယော..ဟေတူ ဟေတုသမ္ပယုတ္တကာနံ"
ဟေ့လူ.ကျွန်တော့်လက်ကိုဘာလို့ဆွဲနေတာလဲ..။
ကျွန်တော်ပဌာန်းရွတ်နေတာမတွေ့ဘူးလား။အာရုံလာမနောက်နဲ့နော်။ ကျွန်တော့်စိတ်အနှောင့်ယှက်မဖြစ်ချင်ဘူး။
"ဘာ"
ကျွန်တော်သေပြီဟုတ်လား။ ပေါက်ကရမပြောနဲ့ဗျာ။ ဘယ်ကလာသေရမှာလဲ။ ကျွန်တော်အသက်ရှင်နေတုနိးပဲရှိသေးတယ်။ခင်ဗျားတို့အရမ်းနောက်တာပဲ။ ကျွန်တော်မသေဘူး..။
ရုတ်ဆရက်မြင်ကွင်းဝါးသွားသည်။ခေါင်းပေါ်မှစီးကျလာသောအရည်တစ်ချို့...။
ဟော သွေးတွေ။ ဘယ်ကကျလာတာပါလိမ့် ။ခေါင်းပေါ်ကဆိုတော့ ငါ့ခေါင်းမှာဒဏ်ရာများရှိနေမလား..။
သူများဆီကလာစင်တာများလား။မဖြစ်ဘူး ပဌာန်းရွတ်မှ။
ကျွန်တော်လည်းလူပဲ ကြောက်တာပေါ့။ ကိုယ်ချစ်တဲ့လူတွေနဲ့အတူမရှိမှာ။ ကိုယ်ဖြစ်ချင်တာတွေမဖြစ်လိုက်ရမှာ ကြောက်တာပေါ့ဗျာ။ ခုတော့ကျွန်တော့်လက်ထဲမှာပစ္စယနိဒ္ဒေသစာအုပ်ကြီးတန်းလန်း။ သူတို့ပြောသလို ကျွန်တော်မကျွတ်တာလား..။မဟုတ်လောက်ပါဘူး..။ကျွန်တော်ကသရဲမဟုတ်ပါဘူး..။ကျွန်တော်ကပျော်ပျော်ရွှင်ရွှင်အသက်ရှင်နေချင်တဲ့ သာမန်ကောင်လေးပါ..။ကျွန်တော်မသေချင်သေးဘူး...။..
ပဌာန်းပစ္စယနိဒ္ဒေသစာအုပ်လေး လေထဲလွှင့်လျက်....။
အသင်္ခယာ