Chapter(1)

1.2K 33 0
                                    

သက်တန့်ရဲ့မျက်နှာ‌ပေါ်သို့ ဖြာကျနေခဲ့သောနံနက်ခင်းနေခြည်နုနု၏နမ်းရှိုက်မှုနှင့်အတူအိမ်မက်အပိုင်းအစများဆီက လွတ်မြောက်ခွင့်ရခဲ့သည်။သက်တန့်က မျက်နှာပေါ်သို့ဝေ့ဝဲကျနေသောဆံနွယ်လေးများကို သပ်တင်လိုက်ရင်း အိပ်ရာမှထဖို့ကြိုးစားလိုက်သည်။

ပြီးတော့ စဉ်းစားမိသည်။မိမိက ဘာလဲဟု.......။သက်တန့်က ကစဉ့်ကလျားဖြစ်နေခဲ့သောစိတ်အာရုံကို စုစည်းလိုက်ရင်း မိမိက ဘာလဲဟု စဉ်းစားမိလိုက်သောအဖြစ်ကို ဟက်ခနဲ တစ်ချက်ရယ်မိပါ၏။

အိပ်ရာနိုးနိုးချင်း ဟိုဒီလျှောက်ကြည့်ရင်း ကြောင်တောင်တောင်ဖြစ်နေသော ကောင်မလေးတစ်ယောက်က ဟာသတစ်ခုဖြစ်နေခဲ့မှာသေချာသည်။

သက်တန့်ရဲ့အခန်းနံရံအပြည့်ရှိနေသောပန်းချီကားတစ်ချို့ကို ကြည့်ပြီးသောအခါမှပြန်လည်စဉ်းစားမိလာ၏။ဟုတ်သားပဲ.....သက်တန့်က အောင်မြင်ဖို့ကြိုးစားနေတဲ့ပန်းချီဝါသနာရှင်တစ်ယောက်လေ။

ယနေ့လည်း မိမိရေးဆွဲထားသောပန်းချီပုံတစ်ချို့ကို ပြပွဲတစ်ခုတွင်ဝင်ရောက်ပြသနိုင်ဖို့အခွင့်အရေးပေးမယ့်သူတွေဆီသွားရဦးမည်။ထိုအခါတွင်မှ နာရီကိုကြည့်မိသည်။နောက်ကျနေတော့မှာပဲဟုတွေးရင်း ပြင်ဆင်စရာရှိသည်များကို ခပ်မြန်မြန်လေးဆောင်ရွက်လိုက်သည်။ ထို့နောက် အိမ်မှထွက်လာခဲ့တော့သည်။

သက်တန့်မျှော်စင်ဆိုတဲ့သူမက ဝါသနာပါသောအလုပ်နှင့်ပတ်သက်၍အခွင့်အရေးမှန်သမျှကို လက်လွတ်မခံပဲ ကြိုးစားတတ်၏။သူမရဲ့ကြိုးစားမှုအတွက် အသိအမှတ်ပြုခြင်းတစ်ကြိမ်မှမရရှိခဲ့ပါ။

ကံကြမ္မာက သက်တန့်ကိုမျက်မုန်းကျိုးနေဟန်တူ၏။ကံကြမ္မာ၏ပျက်ရယ်ပြုခဲ့သည့်ဖြစ်စဉ်အတွက် ဘယ်သူကို အပြစ်တင်ရမလဲ မသိခဲ့ပါ။

သက်တန့်ရဲ့ပန်းချီကားတွေမှာအကြိမ်ကြိမ်အငြင်းခံရလေ့ရှိသည်။ယခုလည်း ထပ်မံ၍အငြင်းခံရပြန်ပြီဖြစ်သည်။

"မင်းကို ငါတို့မကြိုက်ဘူး သက်တန့်မျှော်စင်။မင်းထပ်ပြီးကြိုးစားဖို့လိုသေးတယ်။ဒါကြောင့် ငါတို့ဘက်က မင်းကိုငြင်းပါရစေ"

သက်တန့်မျှော်စင်💛Where stories live. Discover now