ဘန်းးး!ခွမ်းးး!
"အာ့..ဝမ်ရိပေါ် မင်း.... "
ခလွမ်းးး!
ကျွန်းတံခါးကြီး ဘန်းခနဲပိတ်သွားပြီးနောက် အိမ်ထဲကထွက်ပေါ်လာတဲ့ အသံဗလံတွေကြောင့် အပြင်မှာရပ်နေတဲ့ ကျောက်လုံ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားရတယ်။သူ့ဘေးက ဖန်းချိုင် ဆို ပြူးပျာနေရောပဲ။ သူကတော့ လူးလာခေါက်တုံ့လျှောက်ရင်း တံခါးဖွင့်ပြီးပဲ ဝင်ဆွဲရရင်ကောင်းမလား ဒါမှမဟုတ် တခြားသူတွေကိုပဲ ပြေးခေါ်ရရင်ကောင်းမလားနဲ့ ဗျာများနေရပြီပဲဖြစ်ပါတယ်။
သူ့ဘေးက ဖန်းချိုင်ဆိုတာက အခုမှ အဖွဲ့ထဲဝင်ခါစ ကောင်လေး။
အနီရောင်ပန့်ခ်ဆံပင်ကေနဲ့အတူ မျက်နှာတစ်ခုလုံးအပေါက်တွေဖောက်ထားတဲ့ကောင်က အခုကျ ကြောက်ဒူးတုန်နေလေရဲ့။ မတုန်လို့လည်း ရရိုးလား။ ကျွန်းတံခါးဟိုဘက်မှာ ရှိနေတာက ဘယ်သူမို့လို့တုန်း။သူတို့တစ်ဖွဲ့လုံး ရိုသေလေးစားရတဲ့ အစ်ကိုကြီးလေ။အစ်ကိုကြီးနာမည်က ဝမ်ရိပေါ်လို့ခေါ်တယ်။ဘားတွေ ကလပ်တွေနဲ့ ဘိလိယက်ခုံတွေပိုင်ရှင်ပေါ့။ထက်မြက်ပြီး လက်ရဲဇက်ရဲရှိတာကြောင့် လူတိုင်းရှိန်ရတဲ့ဘော့စ်တစ်ယောက်ပါပဲ။ ဒါကြောင့်လည်း သူတို့တစ်ဖွဲ့လုံးက အစ်ကိုကြီးကို ကြောက်ချစ်ရိုသေပြီး သစ္စာခံနေကြတာပေါ့။
အစ်ကိုကြီးက ညီအစ်ကိုစိတ်ဓာတ်အပြည့်ရှိတယ်။မျက်နှာမလိုက်တတ်သလို သစ္စာရှိရင်ရှိသလို ပေးကမ်းကျွေးမွေးတတ်တာမို့ သူတို့အတွက်တော့ အစ်ကိုကြီးက ပဲ့ကိုင်ဦးစီးပဲ။သူတို့ညီအစ်ကိုတစ်ဖွဲ့လုံးအတွက်သာမက ညီအစ်ကိုတွေရဲ့မိသားစုတွေအတွက်ပါ စောင့်ရှောက်ပေးတတ်သူမို့ အစ်ကိုကြီးက ကျေးဇူးရှင်ဆိုရင်လည်း မမှားဘူး။
ဒါပေမဲ့ အခုအနေအထားကြီးကတော့ မဟုတ်သေးဘူး။ ရုတ်တရက်ကြီး
ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး အစ်ကိုကြီး ထသောင်းကျန်းမှန်း သူနားမလည်တော့ပါဘူး။သူက အစ်ကိုကြီးအိမ်ကိုလာခဲတယ်။လူသစ်လာပြတဲ့အခါမျိုးနဲ့ အရေးကြီးကိစ္စရှိတဲ့အခါမျိုးမှသာ လာဖြစ်တာ။သူ့ဘာသာ လာတဲ့အခါဆို ဘာပြဿနာမှမရှိပေမဲ့ အခုလို လူသစ်ခေါ်လာတဲ့အခါမျိုး၊ ဧည့်သည်ခေါ်လာတဲ့အခါမျိုးဆို ဒီလိုအနေအထားချည်းကြုံနေရတာ နှစ်ခါမကတော့ဘူး။