"ကင်မ်ထယ်ယောင်းရော!!"
ဒေါသဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေဖြင့်ဂျောင်ကုသည် စာသင်ခန်းထဲသို့ခြေလှမ်းကျယ်တွေဖြင့် ဝင်လာပြီး ကျောပိုးအိတ်ကိုပစ်ပေါက်၍ စားပွဲခုံကိုကန်ကာမေးလာတော့ ကျောင်းသားတွေအကုန်လန့်သွားရသည်။
"ကင်မ်ထယ်ယောင်းရောလို့မေးနေတာကို ကန်းနေကြတာလား!...ဖြေကြလေ!!"
မေးနေသော်လည်း အားလုံးကအ,နေသလို သူ့အားကြောက်လန့်စွာကြည့်နေကြ၍ ပါးစပ်ကဟမလာကြသည်ကြောင့် ဒေါသကပိုထွက်လာသည်။
"သုံးစားလို့ကိုမရကြဘူး"
တစ်ခန်းလုံးကို ခပ်မှိုင်းမှိုင်းကြည့်၍ပြောသောဂျောင်ကုစကားကို မည်သူမျှသူရဲကောင်းလုပ်ပြီး ထမပြောရဲပေ။ဂျွန်ဂျောင်ကုဆိုတာ ဘယ်သူ့ကိုမှသောက်ဂရုမစိုက်တဲ့ကျောင်းသားဖြစ်ပြီး သူ့ကိုဂရုစိုက်တာသာ လိုချင်သည်။နောက်ကွယ်မှာ အင်အားကြီးတဲ့မိဘတွေရှိနေသည်ကြောင့် ဆရာတွေဟာလည်း ဆုံးမဖို့အရေး..မည်သို့မည်ပုံဖားရမည်ဆိုတာကိုသာ မရိုးနိုင်အောင်စဥ်းစားကြသည်။
ဤကဲ့သို့ကြောင့် ထိုကျောင်းသားဟာ တစ်ကျောင်းလုံးကချဥ်ကြသော်လည်း ထုတ်မပြောရဲကြသည့်လူဆိုးလေးဖြစ်သည်။
အခန်းဝကိုကြည့်နေတဲ့ဂျောင်ကုသည် မျှော်နေတဲ့လူပေါ်မလာတာကြောင့် ပါးစောင်ကိုလျှာနဲ့ထိုး၍ စိတ်မရှည်စွာ မျက်ခုံးတန်းထူထူတွေကို တွန့်ချိုးနေသည်။မီးစွဲနေသည့်စီးကရက်က လက်ညှိုးနဲ့လက်ခလယ်ကြားမှာရှိပြီး piercing ဖောက်ထားသည့် နှုတ်ခမ်းပါးတွေကြားကနေ အငွေ့တွေက လှပစွာထွက်ပေါ်နေသည်။
အကျင့်စရိုက်တွေက ဘယ်လောက်ပဲချဥ်ဖို့ကောင်းနေပါစေ..သာမန်မဟုတ်တဲ့ရုပ်ခံကြောင့် ဂျွန်ဂျောင်ကုက ကျောင်းသူတိုင်း၏အိပ်မက်လေးဖြစ်နေသည်။အထက်တန်းကျောင်းသားအင်္ဂါရပ်နှင့်မကိုက်ညီသော ညာဘက်လက်အပြည့် လှပသေသပ်သောရောင်စုံတက်တူးတွေနှင့် မျက်ခုံးတန်းက piercing တွေ ၊အမြဲတွဲမြင်ရလေ့ရှိတဲ့ စီးကရက်အနက်ရောင်တွေက ကျောင်းသူတိုင်းရူးသွပ်ရတဲ့ အိပ်မက်ထဲကဇာတ်ကောင်ဖြစ်သည်။