နွယ်နိုင်း အိမ်ကို ပြန်သည့်ပြန်လမ်းက ထူးဆန်းစွာဖြင့် မြူးထူး တက်ကြွနေပါရော။ အကြောင်းပြချက်ကတော့ သေချာပေါက် လူကြီးပဲပေါ့လေ။ လူကြီးက မနက်စာကို သူကိုယ်တိုင် ပြင်ပေးသည့်အပြင် နွယ်နိုင်း ကြိုက်သည့် မိုင်လိုလည်း ဖျော်တိုက်သည် ... ဒါနှင့်ဆို နွယ်နိုင်း လူကြီး ဖျော်တိုက်သည့် မိုင်လိုကို သောက်ခွင့်ရတာ ဒုတိယအကြိမ်မြောက်ပင်။ နောက် လူကြီး လုပ်ပေးသည့် ပေါင်မုန့်မီးကင်သည်လည်း စတော်ဘယ်ရီယို သုတ်ထားသည်မို့ နွယ်နိုင်း၏ ခံတွင်းထဲ လိုတာထက် ပိုပြီး ချိုနေသလိုပါပဲ။
ဒါတင်ပဲလားဆိုတော့ မဟုတ် ... လူကြီးက နွယ်နိုင်းအား ဖိနပ်လည်း ဝယ်ပေးလိုက်သေးသည်။ ဖိနပ်ကအစ လိုက်ဝယ်ပေးဖို့ မလိုအပ်တာကို လူကြီးက ပြောမရရုံသာမက ဖိနပ်ဆိုင် ရောက်တော့လည်း လူကြီးနှင့် နွယ်နိုင်းက ဘာမှ မသက်ဆိုင်ပါဘဲ ကိုယ်တိုင်ကိုယ်ကျ ဖိနပ်ရွေးပေးပြီး စီးပေးသေး၏။ အရမ်း ပိုင်စိုးပိုင်နင်းနိုင်တာပဲ လူကြီးက။ သို့ပေမဲ့ လူကြီးကိုယ်တိုင် ရွေးပေးသည့် ဖိနပ်လေးက နွယ်နိုင်း စီးဖူးသမျှ ဖိနပ်တွေထဲ အိစက်စက်လေးနှင့် စီးရတာ သက်တောင့်သက်တာ အရှိဆုံးပါပဲ။ ဤကဲ့သို့ ဖိနပ်မျိုး နွယ်နိုင်း သဘောနှင့်သာဆိုလျှင် ကပ်စေးနည်းပြီး မဝယ်ဖြစ်မှာ သေချာပေမဲ့ လူကြီးကတော့ သူဟာ သူဌေးသားဖြစ်ကြောင်း နည်းမျိုးစုံဖြင့် သက်သေထူနေသလိုပင်။
"ကိုယ် ခရီးသွားရမှာမို့လို့ ညကျရင် အိမ်ပြန်နောက်ကျမယ်နော် ချာတိတ်။ မင်းကတော့ ဘားမသွားဘဲ ကိုယ့်ဆီပဲ တန်းလာခဲ့ရမယ်နော်။ ကတိပေး ကိုယ့်ကို။"
နွယ်နိုင်း လူကြီးဆီက ပြန်မလာခင် ကတိတစ်ခုကို မပေးချင် ပေးချင်နှင့် အပ်နှင်းခဲ့ရသေး၏။ လူကြီးကလေ အပြုံးချိုချိုလေးများနှင့် ခက်ထန်နေသော နွယ်နိုင်း၏ စိတ်ကို ပျော့ပျောင်းလာအောင် လုပ်ယူနိုင်စွမ်း ရှိသည်။ ပိုင်မြတ်ဘုန်းသွင် ဆိုသည့် လူကြီး၏ နာမကလည်း လူကြီး၏ ပုံပန်းသွင်ပြင်အတိုင်း နာမည်ကြားရုံဖြင့် နွယ်နိုင်းရင်ကို နွေးထွေးစေသည်။ ထူးဆန်းတယ်မလား ... တွေ့တာဖြင့် ယနေ့နဲ့မှ ၄ ရက်သာ ရှိသေးသည့် လူတစ်ယောက်က ဘယ်သူ့ကိုမှ သံယောဇဉ်မတွယ်တတ်သည့် နွယ်နိုင်းအပေါ် လွှမ်းမိုးမှုအား ကောင်းနေတာက ဆန်းကြယ်လွန်းနေတယ်မလား။
YOU ARE READING
ကြယ်ကြွေကောင်းကင် { Complete }