အပိုင်း(၆)
ရွယ်ယန်မှာတော့ ထီကျစ်ရဲ့စကားများကို နားမလည်နိုင်ပါပေ။ သူ(မ)က ထီကျစ်တစ်ယောက် ပတ်ဝန်းကျင်အသစ်တွင် မလုံခြုံသည်ဟု ခံစားနေရတယ်လို့သာ တွေးနေ၏။ သူ(မ)က ထီကျစ်ရဲ့ကျောမွေးလေးများကို ပွတ်သပ်ပေးပြီး နှစ်သိမ့်ပေးလိုက်၏။
“မကြောက်နဲ့နော် ထီကျစ် ဒီနေရာက လုံခြုံပါတယ်”
ရွယ်ကျင်းဟုန် သူ့သမီးငယ်လေးကို သဘောကျစွာ ကြည့်လိုက်ပြီး သူ(မ)လေးရဲ့စကားများကြောင့် သူ့မှာ ပြောမပြတတ်စွာ နှလုံးသားမှာ နာကျင်လာရသည်။ ဒီနေရာကား ရွယ်ယန်ရဲ့အိမ် ဒါပေမယ့် သူ(မ)အတွက် ဤနေရာကာ စိမ်းသက်တဲ့ပတ်ဝန်းကျင်တစ်ခု ဖြစ်နေဆဲပင်။
သူက ကိုယ်ကိုကိုင်းလိုက်ပြီး ရွယ်ယန်အား
“အားယန် သမီး စားချင်တာရှိလား၊ ဖေဖေ သမီးအတွက် ဝယ်ပေးမယ်”
ရွယ်ယန်က မျက်တောင်လေး ခတ်လိုက်သည်။ ယဲအန့်နင်က သူ(မ)ကို ဧည့်ခန်းထဲ ခေါ်သွားပြီး သူ(မ)ကို ဆိုဖာပေါ် မ,တင်ပေးကာ ရွယ်ယန်ရဲ့ပါးလေးအား ညှစ်လိုက်ပြီး စိတ်ရှည်စွာဖြင့်
“အားယန် ဒီမှာစောင့်နေနော်၊ ကျဲကျယ်က ညီမလေးအတွက် အရသာရှိတာ သွားယူလာပေးမယ်”
ရွယ်ကျင်းဟုန် အနည်းငယ် အရှက်ရသွားသည်။ သူက သူ့သမီးထက်တောင် မတွေးပေးတတ်ချေ။
ရွယ်ယန်က ထီကျစ်ကို နာခံစွာ ဖက်ထားပြီး ငြိမ်ငြိမ်သက်သက်ထိုင်ကာ
“ကျေးဇူးတင်ပါတယ် ကျဲကျယ်”
-
အခြားသောမြို့တစ်မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ရွယ်ကျစ်တစ်ယောက် Grade 7 စာသင်ခန်းမှ ထွက်လာပြီး Grade 9 ဧရိယာဆီသို့ ပြေးသွားလိုက်သည်။ လမ်းတစ်ဝက်တွင် ရင်းနှီးသည့်ပုံရိပ်တစ်ခုကို တွေ့သည့်အချိန် လက်များကို ဝှေ့ယမ်းပြရင်း
“အကို!”
သူ့ညီလေးပြေးလာသည်ကို ကြည့်ရင်း ရွယ်ယွိ မျက်မှောင်ကြုတ်မိလိုက်သည်။ သူ ပြောရန် ဟန်ပြင်လိုက်သည့်အချိန် ရွယ်ကျစ်ပြောသည်ကို သူ ကြားလိုက်ရသည်။
“အကို အိမ်ကို အမြန်ပြန်ရအောင်”
ရွယ်ယွိ များများစားစား ပြောမနေတော့ချေ။ သူက ဒီတိုင်း ကျောင်းမှ အပြင်သို့ တည့်တည့်မတ်မတ် လျှောက်ထွက်လာခဲ့သည်။
သူက လမ်းလျှောက်ရင်း ဘာတွေဖြစ်ပျက်နေသလဲကို ဖြည်းဖြည်းချင်း အစာခြေနေ၏။
လွန်ခဲ့သော တစ်စက္ကန့်လေးက သူက ရွယ်ယန်ရဲ့ အသုဘတွင် ရှိနေဆဲဖြစ်ပြီး နောက်တစ်စက္ကန့်တွင် Grade 9 သို့ ပြန်ရောက်နေ၏။
ရွယ်ယွိမှာ အိပ်မက်မက်နေသလို ခံစားနေရသည်။ သူ့ညီမလေးရဲ့သေဆုံးမှုက သူ့အတွက် အကြီးမားဆုံးသော ရိုက်ခတ်မှုပင်။
သို့သော် ဒါတွေ ဖြစ်မလာခင်ကတည်းက သူ ကြိုတင်ကာကွယ်ပေးနိုင်ခဲ့သော်လည်း သူ မလုပ်ခဲ့ချေ။
သူ့ညီမလေးအပေါ် ရက်ရက်စက်စက်စကားများစွာကို ပြောဆိုခဲ့ပြီး ရက်စက်လွန်းခဲ့သည်က အခုချိန် ဒါတွေကို ပြန်စဉ်းစားကြည့်သည့်အချိန် သူ့မှာ မနေနိုင်အောင် တုန်ယင်လာရသည်။
ရွယ်ယွိက တိတ်ဆိတ်နေပြီး ရုတ်တရက် ရွယ်ကျစ်ရဲ့အမေးကို ကြားလိုက်ရသည်။
“အကို ဘာတွေစဉ်းစားနေတာလဲ?”
ရွယ်ယွိ သူ့ကို ထက်ရှစွာ ကြည့်လိုက်ချိန် ရွယ်ကျစ်ရဲ့အနည်းငယ် အကဲခတ်လိုသည့် အကြည့်များနှင့်သာ ဆုံလိုက်ရသည်။
ရွယ်ကျစ်မှာ မနေနိုင်တော့ဘဲ ထပ်မေးလိုက်သည်။
“အကို မဟုတ်မှလွဲ အကိုရော.....”
သူ စကားပြောတာမဆုံးသေးခင် ရွယ်ယွိရဲ့တုံ့ပြန်ပုံက သူ့ရဲ့ထင်ကြေးကို အတည်ပြုနေ၏။ တကယ်တမ်းတွင် ရွယ်ကျစ်မှာ လက်ရှိအချိန်တွင် ရွယ်ယွိလောက် အဆင်ပြေမနေချေ။
သူ ယခင်က ရွယ်ယန်အား အမှန်တကယ် မနာကျင်စေခဲ့သော်လည်း သူ(မ) ကူကယ်ရာမဲ့ပြီး နာကျင်နေရသည့်အချိန် သူလည်း သူ(မ)အား ကာကွယ်ပေးရန် ကျရှုံးခဲ့ရသည်။
သူ့ရဲ့စိတ်ထဲမှ သံသယကို အတည်ပြုပြီးနောက် ရွယ်ကျစ်မှာ တစ်ခဏ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ဆိုင်းမဆင့်ဗုံမဆင့်ဖြင့်
“ဒီတစ်ခါ ငါ အားယန်ကို သေချာပေါက် ကာကွယ်ပေးမှာ၊ မင်း သူ(မ)နဲ့ဝေးဝေးနေတာ ကောင်းမယ်”
ရွယ်ယွိရဲ့အသံက ဩရှနေပြီး
“ဘာလို့လဲ?”
ရွယ်ကျစ်က လှောင်ပြောင်စွာ ရယ်ရင်း
“မင်း သူ့ကို ဘာတွေပြောထားခဲ့လဲဆိုတာ မင်းကိုယ်မင်း မသိဘူးလား?”
ရွယ်ယွိ မျက်လုံးများကို မှိတ်ချပြီး
“ငါ အဲ့ဒီလိုအမှားမျိုး ထပ်လုပ်တော့မှာမဟုတ်ဘူး”
ရွယ်ကျစ် ထပ်ပြီးဘာမှမပြောတော့ချေ။ လက်ရှိတွင် ငြင်းခုံစကားများနေမည့်အစား အားယန်ကို တွေ့သည့်အချိန် သူတို့တွေ ဘယ်လိုသရုပ်ပြရမလဲကို စဉ်းစားတာ ပိုကောင်းပေသည်။
ပြီးတော့... သူတို့ညီအစ်ကိုနှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း လူဝင်စားလာခဲ့တဲ့ အတော်လေး ကြောက်စရာကောင်းတဲ့ ဒီကိစ္စကို သူတွေ့ရှိခဲ့သည်။ ဒါ့အပြင် သူတို့နှစ်ယောက်တောင် လူဝင်စားနိုင်ခဲ့မယ်ဆိုရင် ရွယ်ယန်ဆိုရင်ရော? သူ(မ)လည်းဖြစ်နိုင်မလား.....
ရွယ်ကျစ် ထိုဖြစ်နိုင်ခြေကို စဉ်းတောင်မစဉ်းရဲချေ။ မသေခင်က ရွယ်ယန်ရဲ့အခြေအနေနှင့် သူ(မ)ရဲ့မျက်လုံးများကို ပြန်တွေးကြည့်ရင်း သူ့ရဲ့နှလုံးသားမှာ အသက်တောင် မရှူနိုင်တော့သည်အထိ နာကျင်လာရသည်။
ဘာတွေပဲဖြစ်နေပါစေ ဒီတစ်ကြိမ်မှာတော့ ညီမလေးကို သူ သေချာပေါက် ကာကွယ်ပေးမည်ဖြစ်ပြီး သူ(မ)ကို လုံးဝနာကျင်ခွင့်ပြုတော့မည်မဟုတ်ပေ။
ထိုအတွေးဖြင့် ရွယ်ကျစ် ထိုကိစ္စအပေါ် အတွေးများမနေတော့ချေ။ ရွယ်ယွိနှင့်အတူ ကားထဲသို့ ဝင်ပြီးနောက် သူလည်း မျက်လုံးများမှိတ်ကာ အနားယူလိုက်သည်။
-
ရွယ်ကျင်းဟုန်ရဲ့ဗီလာတွင်...
ရွယ်ယန် မသိစိတ်အရ သူ(မ)အရှေ့မှ နူးနူးညံ့ညံ့ အမျိုးသမီးကြီးကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း ထီကျစ်အား ပို၍တင်းကျပ်စွာ ဖက်ထားမိသည်။
ရွယ်ကျင်းဟုန်က သူ(မ)ကို ချော့မော့ရင်း
“အားယန် ဒေါ်ဒေါ့်ကို အန်တီယဲလို့ ခေါ်လိုက်လေ”
ရွယ်ယန် နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး ရှက်ကြောက်စွာဖြင့်
“အန်တီယဲ....”
ယဲဝမ် သူ(မ)အရှေ့မှ သကြားလုံးလေးကို ကြည့်လိုက်သည်။ ဒီကလေးက ရွယ်ကျင်းဟုန်ရဲ့ဇနီးဟောင်းနှင့် ရထားသည့်ကလေးဖြစ်သော်လည်း သူ(မ)ရဲ့နှလုံးသားမှာ ပြောမပြတတ်စွာ နူးညံ့သွားရသည်။ သူ(မ)က အားယန်လေးကို ကောက်ချီပြီး ကလေးမလေးရဲ့ပါးအား ညင်သာစွာ ညှစ်ရင်း
“အားယန်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ!”
ရွယ်ယန်က မျက်တောင်လေးခတ်ကာ
“ကျေးဇူးတင်ပါတယ် အန်တီ”
ယဲဝမ်တစ်ယောက် သဘောတကျဖြစ်နေပြီး ကလေးကို ချီရင်း ဧည့်ခန်းထဲရှိ မုန့်ထားရာဗီရိုဆီ လမ်းလျှောက်သွားပြီး တံခါးကို ဖွင့်ကာ အားယန်အား
“အားယန်လေး တစ်ခုခု စားချင်တာရှိလား?”
ရွယ်ယန် အစားအသောက်များအပြည့်နှင့် ဗီရိုကို ကြည့်ပြီး မျက်လုံးများက တောက်ပသွား၏။ သို့သော် သူ(မ)က ခေါင်းခါကာ
“အားယန်က မုန့်တွေမစားဘူး”
ယဲအန့်နင်က ရေခဲသေတ္တာထဲမှ စပျစ်သီးအချို့ကို ထုတ်လာပြီး သူ(မ)ထံ ကမ်းပေးကာ
“အားယန် စပျစ်သီး စားချင်လား?”
ရွယ်ယန် သည်းခံထားသော်လည်း နောက်ဆုံးတွင် မနေနိုင်တော့ဘဲ အနည်းငယ် ဆွဲဖြုတ်လိုက်သည်။ ကလေးငယ်လေးက အလွန် အကျင့်ကောင်းမွန်၏။ ယဲဝမ်မှာ သူ(မ) လျို့ဟွားအပေါ် အပြစ်ရှိသည်ဟု အမြဲခံစားရသဖြင့် အားယန်ကို အထူးတလည် နှစ်သက်ပြီး ချစ်မြတ်နိုးမိသည်။
သိပ်မကြာခင် ယဲဝမ်က ရွယ်ကျင်းဟုန်ကို မီးဖိုချောင်ထဲ ဆွဲခေါ်သွားခဲ့သည်။
ရွယ်ကျင်းဟုန်မှာ ယဲဝမ်က သူ့ကို တိုးတိုးတိတ်တိတ် ပြောစရာကိစ္စရှိနေသည်ဟု ထင်မှတ်ပြီး သူက ကြိုတင်၍
“ဝမ်ဝမ် အားယန်က လိမ္မာတဲ့ကလေးပါ”
ယဲဝမ် သူ့အား ပြောစရာကင်းမဲ့စွာ ကြည့်ပြီး
“ကျွန်မက ရှင့်ကို ကူလုပ်ပေးဖို့ ခေါ်ရုံပဲ....”
ရွယ်ကျင်းဟုန်တစ်ယောက် ခြောက်ကပ်ကပ်ရယ်ရင်း
“ကိုယ် အတွေးလွန်သွားတယ်”
ယဲဝမ် ရွယ်ကျင်းဟုန် အသီးအရွက်လှီးနေသည်ကို ဘေးတစ်ဖက်ကို မှီ၍ ကြည့်နေရင်း သူ(မ)က မပြောခင် တစ်ခဏ တိတ်ဆိတ်နေပြီးနောက်မှ
“ရှင် ဘာကိုစိတ်ပူလဲဆိုတာ ကျွန်မသိပါတယ်၊ ရှင် အန့်နင်ကို အပြည့်အဝလက်ခံပေးမှဖြင့် ကျွန်မကလည်း အားယန်လေးကို နှစ်နှစ်ကာကာ ချစ်ပေးနိုင်ပါတယ်၊ ပြီးတော့ အားယန်ကလည်း အရမ်းချစ်ဖို့ကောင်းတာ၊ လျို့ဟွားနဲ့ ရှင် ကွာရှင်းခဲ့ရတာကလည်း ကျွန်မရဲ့အမှား တစ်စိတ်တစ်ပိုင်းပါတယ်မလား....”
ရွယ်ကျင်းဟုန် ဟင်းရွက်လှီးနေသည်ကို ရပ်လိုက်ပြီး အလေးအနက်ဖြင့်
“ကိုယ် သူနဲ့ကွာရှင်းခဲ့တယ်ဆိုတာက လုံးဝ မင်းကြောင့်မဟုတ်ဘူး”
သူက တွေးတောပြီးနောက်မှ ထပ်ဖြည့်လိုက်၏။
“အာယန်က အိမ်ကို အမှတ်မထင်ဘဲ ရောက်လာခဲ့တာ၊ ဒါပေမယ့် ကလေးကို အုပ်ထိန်းစောင့်ရှောက်ခွင့်ရဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားချင်တယ်၊ အဲ့ဒီတော့ မင်းရဲ့အမြင်ကို သိချင်တယ်”
လျို့ဟွားက စိတ်ကျန်းမာရေးမကောင်းကြောင်းကိုတော့ သူ ယဲဝမ်အား မပြောပြခဲ့ပေ။ သူတို့ မကွာရှင်းရသေးခင်က သူ(မ)က ရွယ်ယွိနှင့် ရွယ်ကျစ်အား အကြိမ်ကြိမ် ရိုက်နှက်ရန် ကြိုးစားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
ဒါက သူတို့နှစ်ယောက် ကွာရှင်းမှုအတွက် အကြီးမားဆုံးသော အကြောင်းပြချက်ပင်။
အားယန်လေးလည်း လျို့ဟွားရဲ့နေရာတွင် အနိုင်ကျင့်နှိပ်စက်ခံရမှာကို သူ့မှာ အမြဲတမ်း စိုးရိမ်နေခဲ့ရသည်...
ယဲဝမ်က ရွယ်ကျင်းဟုန်ရဲ့မျက်လုံးများကို တည့်တည့်စိုက်ကြည့်ပြီး တည်ကြည်စွာဖြင့်
“ဒါပေါ့ ကျွန်မကတော့ ကန့်ကွက်စရာအကြောင်းမရှိဘူးလေ၊ ဒါပေမယ့် ဒါက လျို့ဟွားအတွက် အရမ်းရက်စက်လွန်းရာ ကျမနေဘူးလား? အခု သူ့မှာက အားယန်လေးတစ်ယောက်ပဲ ကျန်တော့တာလေ”
ရွယ်ကျင်းဟုန် သူ့မျက်လုံးများကို တစ်ခဏ မှိတ်ထားလိုက်ပြီး
“ကိုယ်..အားယန်ကို သူနဲ့လွှတ်ထားရမှာ အရမ်းစိတ်ပူတယ်.... အားယန်ရဲ့အုပ်ထိန်းခွင့်ကိုရဖို့အတွက် ငါ အကောင်းဆုံး ကြိုးစားမှာ”
သူက အသေးစိတ် မရှင်းပြခဲ့ချေ။
ယဲဝမ်မှာ သက်ပြင်းချရင်း
“ရှင်ဘာလုပ်နေလဲဆိုတာ ရှင့်ကိုယ်ရှင် သိရင်ပြီးရော”
လင်မယားနှစ်ယောက်က မီးဖိုချောင်တွင် ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်ကြပြီး ဧည့်ခန်းထဲက ကောင်မလေးနှစ်ယောက်ကလည်း တစ်ယောက်နှင့်တစ်ယောက် အဆင်ပြေသင့်မြတ်နေကြသည်။ ထိုအချိန်တွင် တံခါးအဝင်ဝမှ ဆူညံသံအချို့ ထွက်ပေါ်လာ၏။
ရွယ်ကျင်းဟုန်က လှမ်းကြည့်ပြီး ယဲဝမ်အား
“ကြည့်ရတာ အားယွိနဲ့ အားကျစ် ပြန်လာကြပြီနဲ့တူတယ်၊ ကိုယ် တစ်ချက်သွားကြည့်လိုက်မယ်”
ယဲဝမ်မှာ ထိုလိမ္မာကြသည့်ကလေးနှစ်ယောက်နှင့် အဆက်အဆံ သိပ်မရှိသော်လည်း သူတို့အား သူ(မ) အလွန်သဘောကျသည်ပင်။
သူ(မ)က လက်ကို ဝှေ့ယမ်းပြီး
“သွားလေ”
ရွယ်ကျင်းဟုန် မီးဖိုချောင်ထဲမှ လျှောက်ထွက်လာကာ သူ့သားနှစ်ယောက်ကို မြင်လိုက်ပြီးနောက် စိတ်အခြေအနေတို့က ကောင်းမွန်နေပြီး
“ရှောင်ယွိ ရှောင်ကျစ် ပြန်လာကြပြီလား! သားတို့ညီမလေးလည်း ဒီမှာပဲ၊ ညီမလေးကို သွားပြီး ကြည့်လိုက်ကြအုံး”
သူတို့ညီမလေးနှင့်ပတ်သက်ပြီး ရွယ်ကျင်းဟုန် အေးဆေးစွာပြောနိုင်သည့် တစ်ယောက်တည်းသောသူမှာ သေချာပေါက် ယဲအန့်နင်မဟုတ်၊ ရွယ်ယန်သာ ဖြစ်သည်။
ညီအကိုနှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဧည့်ခန်းမဆီသို့ ခြေလှမ်းများကို အရှိန်တင်လိုက်သည်။ သူတို့နှစ်ယောက် အထဲသို့ ရောက်သည်နှင့် ဆိုဖာပေါ်ရှိ ပုံရိပ်သေးသေးလေးတစ်ခုကို တွေ့လိုက်ရပြီး သူတို့မျက်ဝန်းများမှာ မနေနိုင်အား နီမြန်းသွားရသည်။
ရွယ်ကျင်းဟုန်မှာ ဒါက သူတို့တွေ သူတို့ညီမလေးနှင့် မတွေ့ဖြစ်ကြသည်မှာ အချိန်အတော်ကြာခြင်းကြောင့် ဖြစ်လိမ့်မည်ဟု တွေးပြီး သူတို့အား အရှေ့သို့ ညင်သာစွာ တွန်းပို့ပေးကာ
“သွားကြလေ”
ရွယ်ယွိမှာ အနားသို့ ချဉ်းကပ်မသွားရဲချေ။ ဒါတွေအကုန်လုံးက အိပ်မက်တစ်ခုဖြစ်နေမှာကို သူ ကြောက်နေမိသည်လေ။ ရွယ်ကျစ်မှာလည်း စိုးရိမ်ကြောင့်ကြလျက်ရှိသည်။ သူ့မှာ တုန်ယင်နေရင်းဖြင့် နူးနူးညံ့ညံ့လေး လှမ်းခေါ်လိုက်သည်။
“အားယန်”
မရင်းနှီးသော်လည်း မစိမ်းသက်သည့် အသံကိုကြားရချိန်တွင် ရွယ်ယန်က ခေါင်းရှုပ်စွာဖြင့် ထိုနှစ်ယောက်အား လှည့်ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ် ကြောင်အမ်းသွားပြီးနောက် သူ(မ)က ပျော်ရွှင်တက်ကြွစွာဖြင့်
“ကိုကို!”