ဘာဖြစ်သွားတာလဲ။
တဆစ်ဆစ်ထိုးကိုက်နေတဲ့ ဂျယ်ယွန်းရဲ့ခေါင်းထဲ ပထမဆုံးပေါ်လာခဲ့တဲ့အတွေးတစ်ခု။ဖိမှိတ်ထားတဲ့မျက်ခွံတွေကြားကနေ တစ်စတစ်စဝင်ရောက်လာတဲ့အလင်းရောင်တွေက မခံမရပ်နိုင်လောက်အောင်စူးဝါးနေခဲ့ပြီး နာရီလက်တံအသံတချက်ချက်ကတောင် နားတွေကိုအူဝေစေတဲ့အထိ ဆိုးဆိုးရွားရွားကျယ်လောင်နေခဲ့တယ်။ ဂျယ်ယွန်းရဲ့နှာခေါင်းထဲ အလုအယက်တိုးဝင်နေကြတဲ့ပိုးသတ်ဆေးအနံ့က ခပ်ပြင်းပြင်း။ တစ်ကိုယ်လုံးကိုကိုင်ရိုက်ထားသလိုမျိုး နာကျင်နေတဲ့ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်ဖို့ရန် ဂျယ်ယွန်းကြိုးစားမိတယ်။
"သား! ဆရာဝန်ကိုခေါ်ပေးပါဦး!"
ဂျယ်ယွန်းရဲ့နားထဲ အသံတွေက ဝေးသွားလိုက်၊ နီးလာလိုက်နှင့်ပင်။ ပတ်တီးစထူထူနေရာယူထားပုံရတဲ့ခေါင်းကိုဖိကိုင်ရင်း အလင်းအမှောင်အသားမကျသေးတာကြောင့် ဂျယ်ယွန်းရဲ့မြင်ကွင်းတွေထဲ အရာအားလုံးကဝေဝေဝါးဝါးဖြစ်လို့နေခဲ့တယ်။
မျက်နှာကြက်ဖြူဖြူ၊ ခပ်ဖြည်းဖြည်းလည်နေတဲ့နံရံကပ်ပန်ကာ၊ တစ်ချက်တစ်ချက် လေထဲလွင့်ပါလာတဲ့ နံ့သာရောင်လိုက်ကာစ။
ပြီးတော့ ကုတင်ဘေးမှာ စိတ်ပူနေပုံပေါ်တဲ့အန်တီကြီးတစ်ယောက်?"သားလေး...အဆင်ပြေရဲ့လား။ ဘယ်နားနာနေသေးလဲ"
ဂျယ်ယွန်းရဲ့မျက်ခုံးတန်းတွေက ရုတ်ချည်းတွန့်ချိုးသွားခဲ့တယ်။ ဗလာကျင်းနေတဲ့ဦးနှောက်ထဲ ပထမဆုံးလက်ခံလိုက်ရတဲ့အသိက 'ဆေးရုံရောက်နေခဲ့တယ်'ဆိုတာဖြစ်ပြီး အခု ထပ်တိုးအနေနဲ့ ဂျယ်ယွန်းဘယ်တုန်းကမှ မမြင်ဖူးတဲ့အန်တီကြီးတစ်ယောက်က ဂျယ်ယွန်းရဲ့မျက်နှာကိုပွတ်သပ်ပေးနေရင်း သားလေးလို့ နူးနူးညံ့ညံ့ခေါ်နေခဲ့ပြန်တယ်။
"အန်တီ...သားချင်းမှားနေတယ်ထင်တယ်"
"သား...ဘာတွေပြောနေတာလဲ။ အမေ့ကို မမှတ်မိဘူးလား"
မဟုတ်ပါဘူး။
ဂျယ်ယွန်းနာမည် ဂျယ်ယွန်းမှတ်မိတယ်။
အိမ်လိပ်စာကိုလည်းမှတ်မိတယ်။
အထက်တန်းတတိယနှစ်မှန်းလည်း ဂျယ်ယွန်း မှတ်မိတယ်။
အမေဖြစ်သူကိုလည်း မှတ်မိသလို အဖေဖြစ်သူကိုပါ မှတ်မိတဲ့အပြင် ယုတ်အစွဆုံး လေလာ့ကိုတောင် မှတ်မိပါသေးတယ်။
YOU ARE READING
cookie switcheroo | double j (enhanced)
Fanfictionfrom symphony before summer for collezionista di stelle