အပိုင်း 9
ညနေ နေဝင်ဆည်းဆာအလှက ကျက်သရေရှိစွာ လှပလို့နေလေသည်။
ကွန်ကရစ်လမ်းမပေါ်မှာ လူအသွားအလာတောင် သိပ်မရှိတော့ချေ။
ရွာထိပ်သို့သွားရာ လမ်းတစ်လျှောက် ဘေးဘက် အိမ်တွေဆီမှ ဘုရားဝတ်ပြုသံတွေ၊ကြေးစည်သံတွေကိုလည်း ကြားရသည်။နွေရိပ်ငြိမ် ရွာထိပ်က ညောင်ပင်ဆီကို ဦးတည်ပြီးသွားရသည့်အကြောင်းအရင်းမှာ ပိုးအိစံက ထိုညောင်ပင်ကို ခဏခဏ သွားတတ်သောကြောင့်ပင်။
နောက်ဆုံးတွင် ညောင်ပင်ခြေရင်းက ညောင်မြစ်ပေါ်မှာ ထိုင်နေသော ကောင်မလေးကို တွေ့လေသည်။
ကောင်မလေးက ရှမ်းကန် အနက်ရောင်လုံချည်နဲ့ ဝါးချည် အနီရောင်အင်္ကျီလေးကို ဝတ်ဆင်ထားသည်။
ဆံပင်ကို နှစ်ဖက်ခွဲစီးထားပြီး ပါးမှာ ပါးကွက်သေးသေးလေးကွက်လို့ထားသည်။ငယ်ငယ်လေးကတည်းက ခင်မင်လာတဲ့ ပိုးအိစံကို သူ့ညီမအရင်းလေးလို နွေရိပ်ငြိမ် သံယောဇဉ်ရှိသည်။
မင်းငယ်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဒီကောင်မလေးအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာမတူဘူးဆိုတာ သူသာအသိဆုံးပင်။ကောင်မလေးက သူ့အားမြင်သော် ပြေးကာဖက်လေသည်။
"မမနွေ! ပိုးပိုး အိမ်မပြန်ရဲဘူး...ဟင့်... အိမ်ပြန်ရင် ဖေက ရိုက်တော့မာ"
အားကိုးတကြီးနဲ့ သူ့အား ဖက်ပြီး ပြောနေသော ပိုးပိုးကို....
"ပိုးပိုး...မိဘတွေ စိတ်ပူနေမယ်ဆိုတာ မသိဘူးလား...လာ အိမ်ပြန်မယ်...တစ်ယောက်ထဲ ဘာထိုင်လုပ်နေတာလဲ ...မမနွေအိမ်ကို လာရင်ရရဲ့သားနဲ့"
နွေရိပ် ကောင်မလေးကို ဂရုဏာ ဒေါသနဲ့ လေသံမာမာပြောလိုက်မိသည်။
"ပိုးပိုး မပြန်ချင်ဘူး...ပြန်ရင် ဖေက ရိုက်မာ"
"ပိုးပိုး...ညီမလေး ကို မမနွေ ပြောမယ်...ဒီဟာလုပ်ရင် ကောင်းလားမကောင်းဘူးလားဆိုတာ ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ရည် ပိုးပိုးမှာ ရှိတယ်မဟုတ်လား...မလုပ်ခင်ကတည်းက ကြိုတွေးလေ...ဒါလုပ်ရင် ငါ့ဖေမကြိုက်ဘူး ၊ ဒါလုပ်ရင် ငါ့မိဘ မကြိုက်ဘူးဆိုပြီး တွေးတတ်ရမာ...လုပ်ပြီးမှတော့ အပြစ်ရှိရင် အပြစ်ပေးခံရမာပဲ...လာ အိမ်ပြန်မယ်"

YOU ARE READING
နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)
Romanceမမအနားမှာ ရှိနေရတာ သိပ်အေးချမ်းတာပဲ။မမဆူတာလေးကလည်းချစ်စရာလေး။