"ဟေ့ ဒီမှာ မင်းညီမ အငယ်ဆုံးလေးလေ"
အမေ့စကားကြောင့် စက်ရုပ်လေးပိုက်ထားရင်း သူပူခက်ထဲသို့ငုပ်ကြည့်လိုက်သည်။
နီတာရဲ ကလေးလေးက သူ့ကိုမျက်လုံးလေးပြူးပြီးကြည့်နေကာ လက်သေးသေးလေးတွေနဲ့ ယက်ကန်ယက်ကန်လုပ်လို့နေသည်။
"ဖိုးသောကြာကမအေဘက်လိုက်တော့ အသားဖြူပြီး ခုမွေးတဲ့အငယ်ဆုံးမက သူ့ဖအေနဲ့တူလို့ မဲတူးတူးလေးတော့"
အိမ်မှာကလေးလာကြည့်တဲ့ရပ်ကွက်ထဲကအဒေါ်ကြီးက ပုခက်ထဲက သူ့ညီမကိုကြည့်ကာဆိုလာသည်။
သူက ဒါကိုမကျေနပ်နိုင်ဘဲ
"မမဲတူးပါဘူး သားညီမက ညိုတာ"
ဟု ခပ်မာမာပြန်ချေပရာ အမေနဲ့ ဘေးကလူတွေကရယ်ကြကုန်သည်။
သူတို့ဘယ်လိုမြင်မြင်ပါ သူ့ညီမလေးက သူ့အတွက်တော့ ချစ်ဖို့အကောင်းဆုံးပဲ။
မျက်လုံးပြူးပြူးလေးနဲ့ ကလေးသေးသေးလေး၏ပါးကိုအသားယားစွာ သူဖျစ်မိသည်။
....
"အမေတို့မကောင်းလို့ဒီလိုဖြစ်တာ"
ဈေးထိပ်က ငါးပေပတ်လည် သစ်သားအခန်းလေးထဲ အရက်မူးမူးနှင့်အော်ပြောနေသော သူ့ကို လမ်းသွားလမ်းလာများက ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။
"ဟဲ့ အဲ့ဒါ ဖိုးသောကြာလေးလေ ငယ်ငယ်က လိမ္မာပြီး ဖြူဖြူချောချောလေး သူ့အဘွားကအရမ်းချမ်းသာခဲ့တာ ခုတော့ သူ့အဖေဆုံးပြီးတည်းက အမွေတွေပေးခဲ့ပေမယ့် ကလေးတစ်သိုက်နဲ့ သူ့အမေက လုပ်စားမတက်တက်တော့ အမွေတွေလည်းကုန် ခုလိုဖြစ်သွားရတာပဲဟယ်"
ဈေးက ပြန်လာကြသည့် အဒေါ်ကြီးနှစ်ယောက်မှ တစ်ယောက်က သူ့ဘေးက ရပ်ကွက်ထဲအသစ်ပြောင်းလာသည့် အမျိုးသမီးကိုတီးတိုးပြောနေခြင်းဖြစ်သည်။
ထိုအမျိုးသမီးက အခန်းရှေ့၌ခေါင်းငိုက်စိုက်ဖြင့် ထိုင်လျက် မူးမူးဖြင့်အော်ချင်တာအော်နေသော သူ့ကိုကြည့်ကာ စုတ်တသပ်သပ်ဖြင့် ရင်ထဲမကောင်းဖြစ်သွားလေသည်။
....
"အငယ်နှစ်ကောင်လာခဲ့ စာမေးမယ်"
သူဆယ်တန်းရောက်မှ ဘဝကတဆစ်ချိုးပြောင်းသွားရ၍ စာလည်းစိတ်မပါတော့ဘူး ကျောင်းထွက်ခဲ့သည်။