အပိုင်း(၆၂၆) ယီယွင် (၃)
ယီယွင်မှာ စစ်သားများကို ကွေ့ရှောင်ကာ လမ်းလျှောက်ရင်း ဆင်ခြေဖုံး ရပ်ကွက်ရှိ သူ ချစ်ရသော သစ်သား အိမ်ကလေးသို့ ပြန်လာခဲ့၏။ ငယ်စဥ်ကတည်းကခြေရာချင်း ထပ်နေသော ရွာငယ်လေး ဖြစ်ရာ မည်သည့် နေရာမှ သွားကာ မည်ကဲ့သို့ ရှောင်တိမ်းသင့်ကြောင်း သူ ကျွမ်းကျင်ပေသည်။
လမ်းသွယ်လေးကို အရောက်၌ ယီယွင် ခြေလှမ်းများကို အရှိန်မြှင့်လိုက်၏။ ယခုအချိန်၌ အိမ်၌ မိခင်ဖြစ်သူနှင့် ညီမလေးတို့ အိမ်မောကျ နေလောက်ချေပြီ ဖြစ်သည်။
“နေဦး... အဲဒါက ဘာလဲ...”
ရုတ်တရက် ယီယွင်၏ မျက်လုံးမှာ ကောင်းကင်သို့ တက်ဟပ်နေသည့် မီးအလင်းရောင် ဖျော့ဖျော့ကို သတိထားမိသွား၏။ ညအလင်းရောင် အောက်၌ မီးခိုးလုံးများက တိမ်တိုက်များ သဖွယ် အလိပ်လိုက် အလိပ်လိုက် တက်နေချေသည်။ ချက်ချင်းပင် ယီယွင်၏ နှလုံးသား တစ်ခုလုံးတစ်ခုလုံးမှာ ကမ္ဘာပျက် မတတ် တုန်ရီ သွားခဲ့တော့သည်။
ထိုအရပ်မျက်နှာ...
ထိုအကွာအဝေး...
ထိုနေရာက...
“မဖြစ်နိုင်ဘူး...”
ယီယွင်မှာ ထိန်ချန် မထားတော့ပဲ ကျင့်ကြံခြင်း အခြေခံကို အပြည့်အဝ လှည့်ပတ်ကာ အိမ်ဆီသို့ ပြန်ပြေး လေတော့သည်။ ချီပျစ်ခဲခြင်း အဆင့်နှစ်၊ နူးညံ့စွာ စီးဆင်းခြင်း အဆင့်တွင်သာ ရှိသေးသည့်တိုင် သူ၏ အမြန်နှုန်းက ယင်ဖွဲ့စည်းခြင်း အဆင့် အချို့ထက်ပင် ပိုမို၍ မြန်ဆန်နေချေသည်။
တစ်ခဏ အတွင်းမှာပင် ယီယွင်မှာ အိမ်ရှိရာဆီသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ ထို့နောက်... ပထမဆုံး သူ သတိထားမိလိုက်သည့် အရာက များစွာသော လူများမှာ အတူတကွ စုစည်း၍ မီးလောင်နေသည့် သူတို့ သစ်သားအိမ်ကလေးကို ကြည့်နေကြခြင်းပင် ဖြစ်သည်။ မီးညွန့်က အလွန်ပင် ကြီးမားကာ တောက်ပလှ၏။
“အမေ... မေ့မေ့...”
ယီယွင် ပြင်းထန်စွာ အော်ဟစ်လိုက်ရင်း လူအုပ်ထဲကို တိုးကာ သစ်သားအိမ်ကလေးဆီ ပြေးလွှား သွားလိုက်သည်။ သူက မီးညွန့်ထဲကို တိုက်ရိုက်ပင် ခုန်ဝင်ကာ အထဲတွင် မိခင်နှင့် ညီမလေးတို့ ရှိ၊ မရှိ ရှာဖွေရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း... အလွန် ပြင်းထန်သည့် အပူချိန်က ရိုက်ခတ်လာလေရာ သူ တစ်ခဏမျှ ရပ်လိုက်ရ၏။
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Pertualanganအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...