ကျနော် အစ်ကိုနှင့် ဆုံခိုက်ဖို့ အကြောင်းဖန်ခဲ့တုန်းက တက္ကသိုလ်ဝန်းနံဘေးက စာပေဟောပြောပွဲ၌ဖြစ်ခဲ့သည်။
ထိုစဥ်က နွေရပ်ဝန်းမို့ နေအတော်ပြင်း၏။
သူ့ပုံစံက လူငယ်လူရွယ်နှင့်တော့မတူ။ဋ္ဌာနတခုခုမှ ပြန်လာဟန်ရှိသော ဝန်ထမ်းတစ်ဦးနှင့် တူချေသည်။
စာပေဟောပြောပွဲကျင်းပရာ ခန်းမထဲ မရည်ရွယ်ပါဘဲ ဖြတ်သွားဖြတ်လာရာမျှလောက်သာ ပေါ်လွင်ထင်ဟပ်လွန်းလှပြီး၊ဝတ်မြန်းထားသည့် နိုင်လွန်ရှပ်ထည်ကို အပေါ်ကြယ်သီးများ ခပ်ဟဟဖြုတ်ကာ နက်ခ်တိုင်အစင်းကြားလေးအား ပြေလျော့စွာ ဖြေလျှော့နေတာကို ကျနော် လှမ်း၍ အကဲခတ်နေမိသည်။
'အနေကျဥ်းတဲ့ သည်ကမ္ဘာမှာ
အမြင်ကျဥ်းကျဥ်း မရှင်သန်လိုပါနဲ့
တောင်ပံတွေကို ခပ်ကျယ်ကျယ်လှစ်ရအောင်'ဟောပြောစင်ပေါ်ကနေ လုံးထွေးစွာ ပြန့်ဆင်းလာသည့် စာရေးဆရာအသံရဲ့အဆုံးမှာ လူအုပ်နှင့်ထပ်တူ ထိုလူလက်ဖဝါးများလည်း သြဘာညောင်းသည်ကိုကအစ ကျနော်လိုက်ငေးခဲ့သေးသည်။
ယောင်္ကျားတစ်ယောက်ကို လှသည်၊မလှပြီ ခိုင်းနှိုင်းသင့်သည် မသင့်သည် ကျနော်မသိ။
အမှတ်တမဲ့အခိုက်အတန့်သည် အမှတ်တရအရှိဆုံးအခြေအနေသို့ တွန်းတင်နိုင်စွမ်းအင်ကိုတော့ ထိုမှစ၍ ကျနော် လက်ခံခဲ့ရသည်ရဲ့။
ကျယ်ပြောဝိုင်းဖန့်သော မျက်ဝန်းရွဲများက ဆားနံ့တဖြူးဖြူးလှိုက်သင်းသည့် သမုဒ္ဒရာရေကြည်တို့သဖွယ်။
အစိုစိုရွှဲသော ချွေးတလိမ့်လိမ့်ကြားက လည်စိုင်ထံမှ ကြောရိုးတို့သည်မူ ကျနော်ငေးကြည့်နေကြ ထင်းရှူးပင်စည်မှ ရေသောက်မြစ်များသဖွယ်။
ညွှန်းဖွဲ့ဖွယ်ရာ အလှအပဆိုသည်ထက် သည်လူကို ကြည့်တိုင်း ကြည့်တိုင်းမှာ ကျနော် ရှင်းမ်ဂျယ်ယွန်းအဖို့ နတ်သမီးပုံပြင်တစ်ပုဒ်ကို ဖတ်မြည်းလိုက်ရလေဟန် စိတ်ချမ်းမြှေ့ဖွယ်ရာကောင်းသည်မို့ မယိုမရှက် အကြိမ်ကြိမ်လှည့်ငေးငိုင်မိတော့၏။